Home
မြန်မာသတင်း
လွိုင်ကော်တိုင်းရင်းဆေးရုံ ဘက်စုံစွမ်းဆောင်ရည်ဆုချီးမြှင့်ခံရ
နော်နိုရင်း
·
March 4, 2020
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ  ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံဟာ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ နှီးနှောဖလှယ်ပွဲမှာ ပေးတဲ့ ဘက်စုံစွမ်းဆောင်ရည်ဆု ရရှိသွားပါတယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၀ ကြိမ်‌မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲမှာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ တိုင်ရင်းဆေးရုံတွေကို ပထမဆုံးအကြိမ် ဘက်စုံစွမ်းဆောင်ရည်ဆုတွေကို ရွေးချယ် ချီးမြှင့်ခဲ့တာပါ။ ရန်ကုန် ခုတင် ၁၀၀ ဆံ့တိုင်းရင်းဆေးရုံ၊ လွိုင်ကော်ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံ၊ ပြည်မြို့ ၂၅ ကုတင်ဆံ့တိုင်းရင်းဆေးရုံနဲ့ ပုသိမ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွေကို  ဘက်စုံ စွမ်းဆောင်ရည်ဆု အသီးသီးချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ကယားပြည်နယ် တိုင်းရင်းဆေးဌာနရဲ့ ပြည်နယ်မှူး ဒေါ်ခင်နှင်းဝေက “ဆရာမတို့ ဒီ ခုတင် ၅၀ လွိုင်ကော်တိုင်းရင်းဆေးရုံက ခုတင် ၅၀ ဆုထဲကနေရတာလေ။ (၂၀)ကြိမ်‌မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံမှာ ချီးမြှင့်တာပေါ့။ ဆေးရုံ ဘက်စုံစွမ်းဆောင်ရည်ဆုပေါ့။ ဒီဆုကိုသူတို့က ဘက်စုံကိုကြည့်တာပေါ့နော်။ လူနာတွေရဲ့ ကုသမှု အခြေအနေ၊ ဆရာတွေရဲ့ ညီညွတ်မှု စုပေါင်းအင်အားတွေပေါ့နော်။ ဒီလို ညီညီညွှတ်ညွှတ်လုပ်တဲ့ အတွက်ကြောင့် ပြည်နယ်အစိုးရကလည်း လိုအပ်တာတွေကို ထောက်ပံတယ်။ နောက်လူနာတွေနဲ့ ဆက်ဆံရေး၊ ကုပေးတာတွေမှာစနစ်ကျတာမကျတာ အဲဒါတွေကို သူက အကုန်လုံးပေါင်းပြီးတော့မှ သူက ပေးတာ” လို့  ပြောပါတယ်။ ဒီဆုကို အခုနှစ်ကမှ စတင်ချီးမြှင့်တာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ဆက်လက်ချီးမြှင့်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဆုရရှိတဲ့ ခုတင် ၅၀ ဆံ့ လွိုင်ကော်တိုင်းရင်းဆေးရုံမှာ ဆေးရုံအုပ်ကနေ အောက်ခြေအနေ ဆေးရုံဝန်ထမ်းပေါင်း ၃၃ ဦးရှိပါတယ်။ ဆေးရုံမှာ နေ့စဉ်ပြင်ပလူနာ ၃၀ လောက်နဲ့ အတွင်းလူနာ ၂၀ ကျော်ကို ကုသပေးနေရတယ်လို့ ဆေးရုံအုပ် ဒေါက်တာ ဒေါ်စောဥ ကပြောပါတယ်။ “လူနာအရေအတွက်ကတော့ ပြင်ပလူနာအနေနဲ့ကတော့ ၃၀ ကျော် ၄၀ ပေါ့နော်။ အတွင်း ကတော့ အခု ၂၀ ကျော် ၃၀လောက်ရှိပါတယ်။ အဓိက လေဖြတ်တာတွေများတယ်။ အရိုး၊ အဆစ်ရောင်တာတို့၊ ဒူးနာတာလို့ ခါးနာတာတို့၊ အဲဒါကတော့ တချို့ လိပ်ခေါင်းတို့ အဲလိုလူနာတွေက များပါတယ်။ တိုင်းရင်းဆေးနဲ့ပတ်သက်လို့ကတော့ ကျမတို့ဌာနက ထုတ်ပေးတဲ့ဆေးပေါ့၊ စက်ရုံ နှစ် ရုံရှိတယ်လေ။ ရန်ကုန်နဲ့ မန္တလေး ရှိတယ်။ ကျမတို့ လွိုင်ကော်ကကျတော့ မန္တလေးတိုင်း ဆေးဝါးထုတ်လုပ်ရေးစက်ရုံကနေ ထုတ်ပေးတယ်။ အဲဒီဆေးဝါးတွေနဲ့ပဲ ကုသပါတယ်။ ” တိုင်းရင်းဆေးရုံမှာကုသမှုနဲ့ ဆေးဝါးတွေကို အခမဲ့ကုသပေးနေပြီး လူနာတွေအနေနဲ့ လိုအပ်တဲ့ ပစ်တီးနဲ့ ပလာစတာစတာတွေ ဝယ်ရတာဖြစ်ပါတယ်။  မြန်မာနိုင်ငံတဝန်း ပြည်နဲ့မြို့နယ်တွေမှာ ကုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ ၃ ရုံ၊ ကုတင် ၅၀ ဆံ့တိုင်းရင်း ဆေးရုံ ၉ ရုံ၊  ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၁၀ နဲ့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၂၀ ရုံ စုစုပေါင်း ၄၂ ရုံရှိပါတယ်။ အဲဒီထဲကမှ စိစစ်ရွေးချယ်  ဆုတွေ ချီးမြှင့်တာဖြစ်ပါတယ်။ ကယားပြည်နယ်မှာတော့ လွိုင်ကော်မြို့မှာ ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံတရုံ၊ ဒီးမော့ဆိုမြို့နယ်မှာ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ၁ ရုံနဲ့  မတ်လ ၅ ရက်နေ့မှာတော့ ဘောလခဲမြို့နယ်မှာ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို ဖွင့်လှစ်မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024