ဟိုင်းကြီးကျွန်းတွင် ရပ်ထားသည့် ငါးဖမ်းစက်လှေ ၂ စီး မီးလောင်
DVB
·
March 4, 2020
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ မတ်လ ၃ ရက် ညနေပိုင်းက ရပ်တန့်ထားတဲ့ ငါးဖမ်းစက်လှေ ၂ စီး မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
အမှတ် ၃ ရပ်ကွက် ဆိပ်ကမ်းမှာရပ်ထားတဲ့ ပြုံးမောင်စက်လှေမှာ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်လောက်က မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် ဟိုင်းကြီးမြို့မီးသတ်ဦးစီး လက်ထောက် မီးသတ်ဦးစီးမှူးဦးဆောင်ပြီး တပ်ဖွဲ့ဝင် ၂၁ ဦးနဲ့ မီးငြှိမ်းသတ်ခဲ့ရာ ၇ နာရီ ၄၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ ငပုတောမြို့နယ်မီးသတ် ဦးစီးမှူး ဦးမင်းအောင် က ပြောပါတယ်။
"စက်လှေမီးလောင်တာက ပဲနင်းဖြစ်တဲ့သူက ဆေးလိပ်သောက်ပြီး သစ်သားဘောင်ပေါ်တင် ထားတာ၊ အဲ့ကနေမီးကကူးစက်ပြီး စက်ခန်းကနေစလောင်တာပေါ့။ သေဆုံးထိခိုက်ဒဏ်ရာရတာ တော့မရှိပါဘူး။ ခုအဲ့ပဲနင်းဖြစ်သူကို ရဲစခန်းမှာအမှုဖွင့်စစ်ဆေးတာတွေ လုပ်နေပြီ"လို့ ပြောပါတယ်။
မီးသတ်ဦးဌာနက တာဝန်ရှိသူတဦးက “မီးလောင်ကျွမ်းမှုကြောင့် အလျား ၂၉ ပေ အနံ ၁၃ ပေ အမြင့် ၅ ပေကျော်ရှိတဲ့ ငါးဖမ်း စက်လှေ နှစ် စီးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးခဲ့တဲ့ပမာဏ ကျပ် ၆၇၅၀၀၀ ဖိုးလောက်ရှိမယ်လို့ တွက်ချက်ထားတယ်။ နှစ်စီးလုံးကတော့ပြာကျတဲ့အထိ လောင်တာမျိုး မဟုတ်ပေမယ့် တော်တော်များများ လောင်သွားတယ်”လို့ ပြောပါတယ်။
အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ ပြုံးမောင်စက်လှေ ပဲနင်းဖြစ်သူ အသက် ၂၂ နှစ်အရွယ်ရှိ ကိုကျော်သူလွင်ကို ဟိုင်းကြီးနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)