Home
မြန်မာသတင်း
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရခိုင်အမတ်၏ ဆွေးနွေးချက် တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်
DVB
·
March 3, 2020
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေရဲ့ဆွေးနွေးမှုပါ စကားရပ်တချို့ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ အတွက် လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ပေးဖို့ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်၀င်းက တောင်းဆို ကန့်ကွက်လိုက်ပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေပါ ပုဒ်မ၊ပုဒ်မခွဲတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်ခဲ့တာပါ။  ဒီလိုဆွေးနွေးကြရာမှာ ရခိုင်အမျိုးသားပါတီက ဒေါ်ခင်စောဝေလည်း ပါ၀င်ဆွေးနွေးခဲ့ပြီး သူ့အနေနဲ့ အန်အယ်လ်ဒီပါတီက တင်သွင်းထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ထောက်ခံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ “ပုဒ်မ ၄၃၆ ရဲ့လက်ရှိပြဋ္ဌာန်းချက်တွေအရဆိုရင် ရွေးကောက်ခံကိုယ်စားလှယ်များ ထောက်ခံမှု မရရှိဘဲနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရှိဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ပါဘူးရှင့်။ တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များက သဘောမတူလို့ရှိရင် မည်သည့်ဥပဒေကိုမှလည်း ပြင်ဆင်လို့မရနိုင်ပါဘူး”လို့ ဒေါ်ခင်စောဝေက ဆွေးနွေးခဲ့တာပါ။ ဒေါ်ခင်စောဝေရဲ့ဆွေးနွေးမှုအပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်၀င်းက ကန့်ကွက်ခဲ့ပါတယ်။ “ဒေါ်ခင်စောဝေရဲ့ဆွေးနွေးမှုမှာ တပ်မတော်သားကိုယ်စားလှယ်တွေက မပြင်ချင်ရင်၊ မထောက်ခံရင် ဘယ်လိုမှ ပြင်လို့မရပါဆိုတဲ့ စကားအသုံးအနှုန်းပါပါတယ်။ အဲ့တာဟာ ဒီလွှတ်တော်အတွင်းက ချစ်ကြည်လေးစားရေးကို ထိခိုက်စေတယ်လို့ နားလည်ပါတယ်။ နည်းဥပဒေ ၁၉ (ခ) အရလည်းကောင်း ၊ နည်းဥပဒေ ၁၃၈ အရလည်းကောင်း ငြိစွန်းပါတယ်”လို့ ဒုတိယဗိုလ်မှူးကြီးမျိုးထက်၀င်းက ကန့်ကွက်ခဲ့ပါတယ်။ ရခိုင်အမတ် ဒေါ်ခင်စောဝေရဲ့ ဆွေးနွေးမှုကို တပ်မတော်သားကိုယ်စားလှယ်က ကန့်ကွက်ခဲ့ သလို အန်အယ်လ်ဒီကိုယ်စားလှယ်တစ်ဦးကလည်း ကန့်ကွက်ခဲ့ပါတယ်။  ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်ကတော့ ဒေါ်ခင်စောဝေရဲ့ဆွေးနွေးမှု လုံးကောက်ကို ပြန်လည်ကြည့်ရှုပြီးမှ လွှတ်တော်မှတ်တမ်းက ပယ်ဖျက်သင့်မသင့် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြန်လည်အသိပေးကြေညာခဲ့ပါတယ်။ သတင်း- ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024