နိုက်ဂျီးရီးယားတွင် လက်နက်ကိုင်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံး

photo : anews
1.1K
နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း၊ ခါဒူနာပြည်နယ်ရှိ ရွာတွေမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက မတ် ၂ ရက်နေ့မှာ ပြောပါတယ်။
အဲဒီလက်နက်ကိုင်တွေဟာ အနီးဝန်းကျင် ကတ်စီနာ၊ ဇမ်ဖာရာပြည်နယ်တွေနဲ့ နိုက်ဂျာသမ္မတနိုင်ငံတွေက လာတယ်လို့ သံသယရှိပြီး သတ်ဖြတ်မှု ဖြစ်ပွားတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကစလို့ နိုက်ဂျီးရီးယားအနောက်မြောက်ပိုင်းမှာ ရာနဲ့ချီတဲ့လူတွေ သတ်ဖြတ်ခံရပြီး ဒီလုပ်ရပ်တွေဟာ လုယက်မှု၊ ပြန်ပေးမှုတွေ ကျူးလွန်နေတဲ့ ဓားပြတွေ လက်ချက် ဖြစ်တယ်လို့ အစိုးရက ပြောကြားပါတယ်။
ခါဒူနာပြည်နယ် တိုက်ခိုက်မှုမှာ နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေလည်း မီးရှို့ခံရပါတယ်။
နိုက်ဂျီးရီးယားဟာ အရှေ့မြောက်ပိုင်းမှာ အိုင်အက်စ် သောင်းကျန်းမှုတွေ၊ အလယ်ပိုင်းမှာ ပဋိပက္ခတွေ၊ နိုက်ဂျာမြစ်ဝှမ်းကနေ အရှေ့တောင်ပိုင်းမှာ ပြည်သူ့စစ်တွေကို ကိုင်တွယ်ဖြေရှင်းနေရတာမို့ မတည်ငြိမ်တာ ပိုဖြစ်နိုင်တယ်လို့ လုံခြုံရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
နိုက်ဂျီးရီးယားမှာ လုယက်တာတွေ၊ ပြန်ပေးဆွဲတာတွေနဲ့အတူ အကြမ်းဖက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ဆက်လက်မြင့်တက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။