A d v e r t i s e m e n t With Us

လေယာဉ်တစီး ပစ်ချခံရမှု ဆီးရီးယားအစိုးရ ငြင်းဆို

ဆီးရီးယားအစိုးရရဲ့ လေယာဉ်တစီး မတ်လ ၁ ရက်က ပစ်ချခံရတယ်ဆိုတဲ့သတင်းကို ဆီးရီးယားအစိုးရမီဒီယာက ငြင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားစစ်တပ်ဟာ နိုင်ငံအနောက်မြောက်ပိုင်း အိဒလစ်ဒေသအတွင်း ဆာရာကက်ဘ်မြို့ပေါ်ကို ဖြတ်ပျံတဲ့ တူရကီ ဒရုန်းယာဉ်ကို ပစ်ချခဲ့တယ်လို့ ဆီးရီးယားအစိုးရမီဒီယာက ပြောပါတယ်။  ဆီးရီးယားအစိုးရလေယာဉ်ဟာ အိဒလစ်မြို့ထဲမှာ ပျက်ကျခဲ့တယ်လို့ တူရကီအစိုးရပိုင် အနာဒိုလူသတင်းဌာနက တနင်္ဂနွေအစောပိုင်းမှာ ပြောခဲ့တာပါ။  တူရကီတပ်တွေဟာ လတ်တလောသီတင်းပတ်တွေအတွင်း အိဒလစ်မြို့ထဲက ဆီးရီးယား အစိုးရပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နေခဲ့ပါတယ်။  အိဒလစ်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ဆီးရီးယားအစိုးရရဲ့ တိုက်ခိုက်မှုတွေအတွင်း တူရကီစစ်သား ၅၅ယောက် ဖေဖော်ဝါရီတလတည်းမှာ သေဆုံးခဲ့ပါတယ်။  တူရကီကလည်း သူ့စစ်သည်တွေ သေဆုံးရတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ဆီးရီးယား စစ်တပ်ပိုင် တင့်ကား အစီး ၁၀၀ ကျော်နဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ဖျက်ဆီးခဲ့ပြီး လေယာဉ် ၂ စီးကို ပစ်ချခဲ့တယ်လို့ မတ်လ ၁ ရက်မှာ ပြောပါတယ်။ မောင်းသူမဲ့ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းယာဉ်က ဖျက်ဆီးခဲ့တဲ့ ဆီးရီးယား အစိုးရတပ်ပိုင် သံချပ်ကာ တင့်ကားတွေ စစ်ကားတွေရဲ့ပုံတွေကိုလည်း တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ဖြန့်ချိခဲ့ပါတယ်။  တူရကီက ကျောထောက်နောက်ခံ ပေးထားတဲ့ သူပုန်တွေ တပ်စွဲထားရာ နောက်ဆုံး ခြေကုပ်ကို သိမ်းပိုက်နိုင်ဖို့ ဆီးရီးယား အစိုးရတပ်တွေဟာ အကြီးစား ထိုးစစ်အစိတ်အပိုင်းအနေနဲ့ လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။  အပစ်အခတ် ရပ်စဲရေး ကျိုးပျက်အပြီး တင်းမာမှု ပြေလျော့ရေး တူရကီအစိုးရနဲ့ ရုရှား အစိုးရတို့ သံတမန်ရေး အားထုတ် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဆီးရီးယားနိုင်ငံအတွင်း တူရကီရဲ့ လေးကြိမ်မြောက် စစ်ဆင်ရေးကို နွေဦးဒိုင်းလို့ နာမည်ပေးထားတဲ့အကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီ အက်ခါကနယ်စပ်ပြည်နယ် ဟာတေမှာ ပြောတဲ့ မိန့်ခွန်းအတွင်း ပြောပါတယ်။  ဖေဖော်ဝါရီလ ၂၇ ရက်က အခုထိ တူရကီက ဒရုန်းယာဉ်တစီး၊ ရဟတ်ယာဉ်  ၈ စီး၊ တင့်ကား ၁၀၃ စီး၊ ဟောင်ဝစ်ဇာ ဒုံးကျည်ပစ်လွှတ်စင် ၇၂ ခု၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၆ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆီးရီးယားအစိုးရစစ်သည် ၂၂၁၂ ယောက် ကျဆုံး ဒဏ်ရာရခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up