ပြန်ရုန်းထကြရန် လီဗာပူး အသင်းသားများကို နည်းပြ တိုက်တွန်း

Getty
ပရီးမီးယားလိဂ် ရှုံးပွဲမရှိ စံချိန်ကျိုးပျက်သွားခဲ့ပြီးနောက် ပြန်လည်ရုန်းထလာကြဖို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။  လီဗာပူးဟာ စနေနေ့မှာ ဝက်ဖို့ဒ်အသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၄၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်ဟာလည်း ပျက်စီးခဲ့ရပါတယ်။  ကလော့ပ်ရဲ့အသင်းသားတွေဟာ အင်္ဂါနေ့မှာ ချဲလ်ဆီးအသင်းနဲ့ အက်အေဖလား ပဉ္ဓမအဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂျာမာန်နည်းပြကြီးကတော့ အသင်းသားတွေရဲ့  ပြန်လည်ရုန်းထလာမှုကို မြင်တွေ့ချင်နေပါတယ်။  “တခါတလေမှာ ရှုံးနိမ့်မှုသေးသေးလေးတွေက အရေးပါပါတယ်။ ဒါကို ကျနော်ကတော့ အပျက်သဘောဆောင်တဲ့ကိစ္စလို့ မမြင်ပါဘူး။ အခု ဒီကိစ္စက ပြီးဆုံးသွားပြီ။ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ ကျနော်တို့ နောက်ထပ် ပြန်လည်စတင်နိုင်ပါတယ်။ ကျနော်တို့ ကျိန်းသေပေါက် လုပ်ဆောင်သွားမှာပါ” လို့ ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တဲ့ ဖေဖော်ဝါရီအစပိုင်းပွဲစဉ် ပြီးဆုံးချိန်ကတည်းက ပုံစံကောင်းရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ရှရီဘူရီ၊ နော့ဝှစ်၊ ဝက်စ်ဟမ်းအသင်းတို့ကိုလည်း ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ အက်သလက်တီကိုအသင်းလည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။  ရှုံးပွဲမရှိ စံချိန်ပျက်စီးသွားခဲ့ရပြီးနောက် အသင်းသားတွေဆီက ဘယ်လိုမျိုး တုံ့ပြန်မှုကို ရရှိမလဲ ဆိုတာကတော့ မသေချာသေးဘူးလို့ ကလော့ပ်က ပြောပါတယ်။  “နိုင်ပွဲတွေ ဆက်တိုက်  ရရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် သူတို့ ဘယ်လို တုံ့ပြန်မလဲ စောင့်ကြည့်ရပါမယ်။ ဘယ်လိုပုံစံမျိုးနဲ့ တုံ့ပြန်မလဲ ကျနော်လည်း မသိပါဘူး။ ဘာလို့လဲဆို ကျနော့်ဘဝမှာ ၁၈ ပွဲဆက်တိုက် မနိုင်ခဲ့ဖူးသလို၊  ၄၄ ရှုံးပွဲမရှိ ဆိုတာကိုလည်း မကြုံခဲ့ဖူးပါဘူး၊ ဒါဟာ ပထမဆုံးပါ။ ဒါ့ကြောင့် ကျနော်တို့ စောင့်ကြည့်ရတာပေါ့။” လီဗာပူးလ်အသင်းဟာ အက်ဖ်အေဖလားကို ၇ ကြိမ် ဆွတ်ခူးထားနိုင်ပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၅-၂၀၀၆ ရာသီမှာ ဖလားရရှိခဲ့ပါတယ်။  လီဗာပူးအသင်းဟာ အက်ဖ်အေဖလားပွဲမှာ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်၊ အဲ့ဒီနောက်  အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up