ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ခေတ္တဆိုင်းငံ့
DVB
·
March 2, 2020
ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် နေပြည်တော်မှာ မတ်လ ၂၇ နေ့ ပြုလုပ်မယ့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ခေတ္တဆိုင်းငံ့ထားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
WHO နဲ့ နိုင်ငံတကာက ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနဲ့ ပတ်သက်ပြီး တစုံတရာထုတ်ပြန်ပြီးမှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကျင်းပနိုင်ရေးကို ဆက်လက်စီမံဆောင်ရွက်ဖို့ လျာထားထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အချိန်၊ နေရာမရွေး ကူးစက်ဖြစ်ပွားနိုင်ကြောင်းနဲ့ လူစုလူဝေးများပြားရာ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားပါတယ်။
မဖြစ်မနေကျင်းပရမယ့် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကိုသာ ပြုလုပ်ဖို့နဲ့ ပြုလုပ်ခဲ့ရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်တွေကို တိကျစွာလိုက်နာဖို့ အသိပေးနှိုးဆော်ထားပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါကို ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အသိပေး ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာတော့ မတ် ၁ ရက် ညနေ ၆ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာသစ် ထပ်မံမတွေ့ရှိသေးဘဲ စောင့်ကြည့်လူနာ၊ သံသယလူနာ စုစုပေါင်း (၄၅) ဦးရှိခဲ့ပြီး သူတို့အားလုံးမှာလည်း ရောဂါပိုးမတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၈ နာရီအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၈၅၉၁ ဦး၊ သေဆုံးသူ ၃၀၅၁ ဦးနဲ့ ရောဂါသက်သာ ပျောက်ကင်းသူ ၄၅၁၂၀ ဦးရှိတယ်လို့ worldometers ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။