အယ်လ်ကလက်စီကိုပွဲစဉ်က ဘာစီလိုနာထက် ရီးရဲလ်ပိုအရေးကြီးဟု ဆက်တီယန် ပြော

မတ် ၂ ရက်နေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားမယ့် အယ်လ်ကလက်စီကို ပွဲစဉ်ဟာ ဘာစီလိုနာထက်စာရင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပိုပြီးအရေးကြီးနေတယ်လို့ ဘာစီလိုနာအသင်းနည်းပြ ကွီကေးဆက်တီယန်က ပြောပါတယ်။  ဘာစီလိုနာဟာ အယ်လ်ကလက်စီကို ပွဲစဉ်မတိုင်ခင်အထိ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်မှတ် ဖြတ်ထားကာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။  “သူတို့အတွက် အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်မဟုတ်ရင်တောင် ဒီပွဲက တကယ်ကို အရေးပါနေပါတယ်။ ဘာလို့လဲဆို ကျနော်တို့သာ အနိုင်ရရှိခဲ့မယ်ဆိုရင် ၅ မှတ်အထိ ဖြတ်လိုက်နိုင်မှာ” လို့ ဆက်တီယန်က ပြောပါတယ်။  လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အခြေအ‌နေတွေဟာ ပြောင်းပြန်အနေအထားမှာ ရှိနေပြီး ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်မှာ မန်စီတီးအသင်းကို ရှုံးနိမ့်တာ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းကတော့ ချန်ပီယံလိဂ်မှာ နာပိုလီကို သရေကျခဲ့ကာ သုံးပွဲလုံး ရှုံးပွဲ မရှိခဲ့ပါဘူး။  “ကျနော်တို့အသင်းအတွက် လိုအပ်တာကတော့ ကျနော်တို့မှာ  အကောင်းမြင်တဲ့စိတ် ရှိနေဖို့ပါပဲ။ ကျနော်တို့ ဒီအခြေအနေက ရုန်းထွက်နိုင်ပြီးတော့ သူများတွေ ပြောနေတာကို နားမယောင်မိဖို့ လိုအပ်ပါတယ်” လို့ ရီးရဲလ်နည်းပြ ဇီဒန်းက ပြောပါတယ်။  “ကျနော်တို့အသင်းပရိသတ်တွေကေည်း ကျနော်နဲ့အတူ ပွဲအစအဆုံး ရှိနေဖို့ လိုအပ်ပါတယ်။ သူတို့စိတ်ထဲမှာ စိတ်ပျက်တာ၊ ဒါသထွက်တာကို ကျနော် နားလည်ပေမယ့် ကျနော်တို့ ပရိသတ်တွေကို လိုအပ်ပါတယ်” လို့လည်း ပြင်သစ်သားက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။  ဒါ့အပြင် ဇီဒန်းဟာ သူ့အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲတုန်းကလို ကစားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပြီး ပိုင်ပွဲရဲ့ ၇၈ မိနစ်အထိ ရီးရဲလ်အသင်းဟာ အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့လည်း ယုံကြည်နေပါတယ်။  ဘာစီလိုနာအသင်းဟာ ရီးရဲလ်အသင်းနဲ့တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ခုနစ်ပွဲဆက်တိုက် မရှုံးနိမ့်ခဲ့သေးဘဲ ဘာကာနည်းပြသစ် ဆတ်တီယန်ဟာလည်း သူ့အတွက် ပထမဆုံးသော အယ်လ်ကလက်စီကို ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up