ပဲခူးမြို့မရဲစခန်းမှ အမျိုးသမီး ၂ ဦး အချုပ်ခန်းဖောက် ထွက်ပြေး
DVB
·
March 1, 2020
ပဲခူးမြို့မရဲစခန်းမှာ မတ် ၁ ရက် မနက် ၇ နာရီလောက်က အမျိုးသမီး ၂ ယောက် အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ရဲတပ်ကြပ် ဇော်ဇော်ဆန်းဟာ စခန်းလက်နက်တိုက်နဲ့ ကပ်လျက်က အိမ်သာမှာ အိမ်သာတက်စဉ် ရေမရှိလို့ အမျိုးသမီးအချုပ်ခန်းနဲ့ကပ်လျက်မှာ ရှိတဲ့ ရေတွင်းမှာ ရေသွားခပ်ရာမှ အဲဒီအချုပ်ခန်းရဲ့ နောက်ဖေးပြတင်းပေါက်မှာ အပေါက်လို ဖြစ်နေတာကြောင့် အခန်းအတွင်းကို ချောင်းကြည့်မိစဉ် အချုပ်သား ၂ ဦး မရှိတော့ဘူး ထွက်ပြေးသွားတယ် ဆိုတာ သိရတာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။
အချုပ်သား ၂ ဦးစလုံးဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ နဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်ပြီး တဦးက ပဲခူးမြို့ ရှင်စောပုရပ်ကွက်က မချစ်စုဝေ ဆိုသူဖြစ်ပြီး နောက်တယောက်က ဝေါမြို့ ၆ ရပ်ကွက်က မအငယ်မဆိုသူတို့ ဖြစ်ပါတယ်။
သူတို့ဟာ အချုပ်ခန်း ပြတင်းပေါက်သံတိုင်ကို သံဖြတ်လွှနဲ့ ဖြတ်ကာ ထွက်ပြေးသွားကြတာဖြစ်ပြီး မချစ်စုဝေ ဆိုသူကို အခုမနက် ၉ နာရီခွဲလောက်က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဇရပ်ကွင်းလမ်းဆုံမှာ ပြန်လည်ဖမ်းမိခဲ့ပေမယ့် တဦးကိုတော့ လိုက်လံဖမ်းဆီးနေပါတယ်။
မချစ်စုဝေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ မနက် ၅ နာရီလောက်ကတည်းက ထွက်ပြေးခဲ့ကြတာလို့ သိရပါတယ်။