A d v e r t i s e m e n t With Us

ဒီပွဲမှာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က လက်ခံနိုင်စရာကို မရှိပါဘူး – ဗန်ဒိုက်

ဝက်ဖို့ဒ်အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်က လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်က ဝေဖန်လိုက်ပါတယ်။  ဒီရှုံးပွဲကြောင့် လီဗာပူးရဲ့ ပရီးမီးယားလိဂ် ၄၄ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ဟာလည်း ကျိုးပျက်သွားရပြီ ဖြစ်ပါတယ်။  ဒီပွဲမှာ ဝက်ဖို့ဒ်အသင်းအတွက် ဂိုးတွေကို အသင်းခေါင်းဆောင် ထရိုင်ဒီနီနဲ့ အစ္စမားလီယာဆားတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဝက်ဖို့ဒ်ဟာ ဒီရာသီမှာ လီဗာပူးကို ပရီးမီးယားလိဂ်မှာ အနိုင်ရခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင်သွားပြီလည်း ဖြစ်ပါတယ်။  ဒီပွဲမှာ ယာဂန်ကလော့ပ်ရဲ့အသင်းဟာ သိသိသာသာကို ခြေစွမ်းပျောက်ဆုံးခဲ့တာဖြစ်ပြီး ကစားသမားတိုင်းနီးပါးဟာလည်း ပုံစံကောင်းရရှိဖို့ကို တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဟန်ဒါဆင်ရဲ့ဒဏ်ရာကြောင့် ဒီပွဲမှာ ဗန်ဒိုက်က အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့ရပြီး ပွဲပြီးဆုံးချိန်မှာတော့ “ဝက်ဖို့ဒ်အသင်းက ဒီရလဒ်နဲ့ အမှန်တကယ် ထိုက်တန်မှု ရှိပါတယ်။ သူတို့ဟာ သူတို့ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကစားပြီး အခွင့်အရေးတွေကို ဖန်တီးပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်” လို့ ဗန်ဒိုက်က ပြောပါတယ်။  “ကျနော်တို့ကတော့ အခွင့်အရေး ကြီးကြီးမားမားကို မဖန်တီးနိုင်ခဲ့ဘူး။ ဒါကလည်း ဝက်ဖို့ဒ်အသင်းက ကောင်းမွန်ခဲ့လို့ ဖြစ်ပါတယ်။ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီးတော့ တိုးတက်အောင် လုပ်ဆောင်ရပါမယ်။ အရှုံးရလဒ်က ခက်ခဲပါတယ်။ ဒါပေမဲ့ ဒါဟာ ဘောလုံးအားကစားပါ။ ဒီနေ့ပွဲမှာ ကျနော်တို့ ပိုကောင်းအောင် ကစားသင့်ခဲ့ပေမယ့် ကျနော်တို့ တရာသီလုံး ‌ကောင်းကောင်းမွန်မွန် ဖြတ်သန်းလာခဲ့တယ် ဆိုတာကိုတော့ မေ့မထားသင့်ပါဘူး။ ကျနော်တို့အတွက် တိုးတက်ဖို့ရှိနေပြီးတော့ ကျနော်တု့ိ တိုးတက်လာဦးမှာပါ။ ဒါဟာ ကျနော်တို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက်လည်း ကောင်းမွန်တဲ့‌ အရာပါ။ ဒါပေမဲ့ ဒီလိုမျိုး ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်ခဲ့တာမျိုးကိုတော့ လက်သင့်မခံနိုင်ပါဘူး” လို့လည်း သူက ဆက်လက်ပြောပါတယ်။  လီဗာပူးဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ၄၉ ပွဲဆက် တိုက်ရှုံးပွဲမရှိ စံချိန်ကို လိုက်မီဖို့ ၅ ပွဲအလိုမှာ အခုလို ရှုံးနိမ့်ခဲ့ရတာပါ။ ဒါ့အပြင် လီဗာပူးအသင်းဟာ နောက်တပွဲ အနိုင်ရရှိခဲ့တာနဲ့ ၂၀၁၇ ခုနှစ်မှာ မန်စီးတီးအသင်း တင်ရှိထားတဲ့ ၁၈ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို ချိုးဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒီစံချိန်တွေနဲ့ ပတ်သက်ပြီး ဗန်ဒိုက်ကို မေးမြန်းခဲ့ရာမှာ “ရှုံးနိမ့်မှုဆိုတာ နာကျင်ရပါတယ်။ ဒါပေမဲ့ စံချိန်တွေ ဆိုတာကတော့ မီဒီယာတွေအတွက်သက်သက်ပါပဲ။ ကျနော်တို့ ဒီအကြောင်းကို ပြောတောင် မပြောဖူးကြပါဘူး” လို့ ဖြေကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up