တပ်ချုပ်နှင့်ပတ်သက်သည့် စကားလုံးသုံးစွဲမှု တပ်ကိုယ်စားလှယ် ကန့်ကွက်
နေဖြိုးဝင်း
·
February 29, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အခြေခံဥပဒေထက်အာဏာသက်ရောက်ဆိုတဲ့ အန်အယ်လ်ဒီပါတီလွှတ်တော်ကိုယ်စားလှယ်ရဲ့ စကားလုံးသုံးစွဲမှုဟာ ပုဂ္ဂိုလ်၊အဖွဲ့အစည်းကို ထိခိုက်စေတဲ့ အသုံးအနှုန်းဖြစ်တဲ့အတွက် ထိန်းကျောင်းပေးဖို့ တပ်မတော်သားကိုယ်စားလှယ်တဦးက လွှတ်တော်နာယကကို တင်ပြခဲ့ပါတယ်။
ဒီစကားလုံးအသုံးအနှုန်းကို ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂)က အန်အဲလ်ဒီပါတီ ကိုယ်စားလှယ် ဦးစောယှားဖောင်အွာ ဆွေးနွေးချက်ထဲမှာ သုံးနှုန်းသွားတဲ့အပေါ် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမျိုးထွန်းအောင်က ကန့်ကွက်ခဲ့တာပါ။
“ပုဒ်မ ၄၁၈ (ခ) နဲ့ပတ်သက်ပြီး ဆွေးနွေးသွားတဲ့အခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထက် အာဏာပိုမိုသက်ရောက်စေသလို ဖြစ်နေတယ်ဆိုတဲ့ အသုံးအနှုန်းကို နှစ်ခါ သုံးနှုန်းသွားပါတယ်။ ဒီအသုံးအနှုန်းဟာ အခြား ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ထိခိုက်စေတဲ့ အသုံးအနှုန်းဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉ နဲ့ ငြိစွန်းနေပါတယ်။ ဒီ ပုဒ်မ ၄၁၈ (ခ) အပါအဝင် အရေးပေါ်ကာလပြဋ္ဌာန်းချက်တွေအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ တခုလုံးရဲ့ ပြဋ္ဌာန်းရတဲ့ရည်ရွယ်ချက်နဲ့ မွန်မြတ်လှတဲ့ ဂုဏ်ဒြပ်ကို ထိခိုက်စေတဲ့ အသုံးအနှုန်း ဖြစ်တဲ့အတွက် ထိန်းကျောင်းပေးနိုင်ပါရန်နဲ့ နည်းဥပဒေ ၂၀ အရ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။”
ဒါနဲ့ပတ်သက်ပြီး လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေး မယ်လို့ ပြောပါတယ်။
ဦးစောယှားဖောင်အွာက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ဂ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့အကြီးအကဲဖြစ်သည်၊ ပုဒ်မ ၃၃၈ နိုင်ငံအတွင်းရှိ လက်နက်ကိုင်အ ဖွဲ့အစည်းအားလုံးသည် တပ်မတော်ရဲ့ကွပ်ကဲမှုအောက်တွင်ရှိရမည်၊ ပုဒ်မ ၃၃၉ နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်မှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဆိုတဲ့ မူလပြဋ္ဌာန်းချက်တွေကို ပယ်ဖျက်တာနဲ့ပတ်သက်ပြီး ထောက်ခံဆွေးနွေးတာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။
အခြေခံပဒေရဲ့အခြေခံအခန်းက ပုဒ်မတွေနဲ့ ရှေ့နောက်ညီညွတ်မှုရှိစေဖို့ အခုလို ပြင်ဆင်ဖို့ ထောက်ခံဆွေးနွေးတာလို့ ပြောပါတယ်။
ဒီလိုဆွေးနွေးတာမှာ ပုဒ်မ ၁၁ ပုဒ်မခွဲ (က)၊ ပုဒ်မ ၁၆၊ ပုဒ်မ ၅၈၊ ပုဒ်မ ၃၈၂၊ ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(ခ)တို့မှာ ရှေ့နောက်မညီတာတွေကို ကိုးကားပြီး ပယ်ဖျက်တာတွေကို ထောက်ခံဆွေးနွေးခဲ့တာပါ။
“ဒီနေရာမှာ အရေးပေါ်အခြေနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်ရဲ့ အာဏာကို လွှဲအပ်ဆောင်ရွက်တဲ့နေ့ကစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မည်သို့ပင်ပါရှိစေကာမူ ဆိုတဲ့စကားရပ်ဟာ ကာကွယ်ရေးဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေထက် အာဏာ ပိုသက်ရောက်စေသလို ဖြစ်ပါတယ်။ဒီပုဒ်မထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆိုတဲ့ စကား ရပ်ပါပြီး သားဖြစ်ပါတယ် ” လို့ ဆိုပါတယ်။
ဒါ့အပြင် “ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(ခ)မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းပါ ရှိစေကာမူဆိုတဲ့ စကားရပ်ကို ထည့်သွင်းခြင်းအားဖြင့် အရေးပေါ်အခြေနေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာစရာမလိုဘဲ ကျော်လွန်ဆောင်ရွက်နိုင်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာ သက်ရောက်စေသလိုဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူဆိုတဲ့ စကားရပ်ကို ပယ်ဖျက်သင့်ပါ တယ်” လို့ ဦးစောယှားဖောင်အွာက ဆွေးနွေးခဲ့ပါတယ်။
ဒါကြောင့် အရေးပေါ်အခြေအနေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်ဖို့ ပြဋ္ဌာန်းပြီးသားဖြစ်သလို ပုဒ်မ ၃၈၄ မှာ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်လို့ ဖော်ပြထားတဲ့အတွက် မည်သည့်သမ္မတ၊ မည်သည့်အုပ်ချုပ်ရေးအဖွဲ့၊ မည်သည့်ဥပဒေပြုရေးအဖွဲ့၊ မည်သည့်တရားစီ ရင်ရေးအဖွဲ့၊ မည်သည့် ကာကွယ်ရေးဦးစီးချုပ်၊ မည်သည့်လူမျိုး၊ မည်သို့သော ပုဂ္ဂိုလ်ဖြစ်နေစေကာ မူ နိုင်ငံသားတိုင်း လိုက်နာကြရမယ်လို့ ဆိုပါတယ်။