နိုင်ငံတော်တိုင်ပင်ခံက ကရင်လူထုကို ချီးကျူးခဲ့ဟု ဝန်ကြီးချုပ် ပြော
DVB
·
February 29, 2020
နိုင်ငံတော်တိုင်ပင်ခံ ကရင်ပြည်နယ်ခရီးစဉ်မှာ ဒေသခံလူထုတွေရဲ့ စည်းကမ်းရှိမှုတွေကို ထူးထူးခြားခြား ချီးကျူးသွားတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ဖေဖော်ဝါရီ ၂၉ ရက် မနက်ကပြုလုပ်တဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းတွေနဲ့ လူမှုအားမာန်အဖွဲ့တွေကို ထောက်ပံ့ငွေပေးအပ်တဲ့ အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။
နိုင်ငံတော်အတိုင်ပင်ခံဟာ ကရင်ပြည်နယ်အတွင်းက မြို့ ၄ မြို့ကိုလာရောက်ပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့စဉ်က ဒေသခံတွေ စည်းကမ်းရှိရှိ တင်ပြတာတွေနဲ့ပတ်သက်ပြီး အတိုင်ပင်ခံရဲ့ ချီးကျူးစကားကို အခုလို ပြန်လည် ပြောကြားခဲ့တာပါ။
“နိုင်ငံတော်တိုင်ပင်ခံက ထူးထူးခြားခြား ကျမတို့ကို ချီးကျူးသွားတာရှိတယ်။ ကရင်ပြည်နယ်က လူတွေက အင်မတန်မှကို စည်းနဲ့ကမ်းနဲ့ မေးတာမြန်းတာကို သူတွေ့ရတဲ့အတွက် အင်မတန်မှကို ကျေနပ်ပါတယ်ဆိုတာ ပြောသွားတယ်”လို့ ပြောပါတယ်။
အတိုင်ပင်ခံအနေနဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၂ ရက်တာခရီးစဉ်အတွင်းမှာ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနဲ့ လှိုင်းဘွဲမြို့နယ်တွေက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဆက်လက်ပြီး ကရင်ပြည်နယ် ဘောလုံးအားကစားလူငယ်တွေကိုလည်း အတိုင်ပင်ခံက ချီးကျူးပြီး အသိအမှတ်ပြုသွားသလို လူငယ်ကစားသမားတွေအနေနဲ့ စည်းကမ်းရှိပြီး သန့်ရှင်းတဲ့ အားကစားစိတ်ဓာတ်နဲ့ ပြည်နယ်ရဲ့ဂုဏ်ဆောင်နိုင်အောင် ဆက်လက်ကြိုးစားသွားဖို့ ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
အခမ်းအနားမှာ ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဖာပွန်မြို့နယ်တွေက ပရဟိတဂေဟာ ၅ ခုအတွက် ထောက်ပံ့ငွေ ၃၆၃ သိန်းကျော်၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း ၅၄ ကျောင်းအတွက် ထောက်ပံ့ငွေ ၅၁၈ သိန်းကျော်၊ သင်ထောက်ကူရရှိရေး ထောက်ပံ့ငွေ ၅၄ သိန်းနဲ့ လူမှုအားမာန်အဖွဲ့အစည်း ၁၂ ဖွဲ့အတွက် ၁၂ သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ပြည်နယ်နဲ့တိုင်း အသက် ၂၁ နှစ်အောက်ဘောလုံးပြိုင်ပွဲမှာ တံခွန်စိုက်ဒိုင်းဆုရရှိခဲ့တဲ့ အသက် ၂၁ နှစ်အောက်ဘောလုံးအသင်းကို ဂုဏ်ပြုဆုငွေကျပ်သိန်း ၁၃၀ ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ရဲမင်းခေါင်