ပအိုဝ်းအမျိုးသား လူငယ်ညီလာခံ ကျင်းပနိုင်ရေး အကြိုညီလာခံ ကျင်းပ
DVB
·
February 29, 2020
ပအိုဝ်းအမျိုးသားလူငယ်ညီလာခံကျင်းပနိုင်ဖို့ အကြိုလူငယ်ညီလာခံတရပ်ကို တောင်ကြီးမြို့နယ် ပေါမူဘုန်းကြီးကျောင်းမှာ ဖေဖော်ဝါရီ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပအိုဝ်းလူငယ်တွေ စည်းစည်းလုံးလုံးနဲ့ လူငယ်ပြဿနာကို ဝိုင်းဝန်းအဖြေရှာပြီး ပအိုဝ်းလူငယ်မှုဝါဒတရပ်ပေါ်ထွန်းဖို့ ရည်ရွယ်ပြုလုပ်တာလို့ ပွဲကျင်းပရေးကော်မတီ ဘဏ္ဍာရေးမှူး ခွန်ဇော်က ပြောပါတယ်။
ပအိုဝ်းလူငယ်ညီလာခံကျင်းပနိုင်ဖို့ ၂၀၁၂ ခုနှကတည်းက ကြိုးစား လာတာဖြစ်ပြီး မကျင်းပနိုင်တဲ့အတွက် ၂၀၁၆ ခုနှစ်က ကော်မတီဖွဲ့ပြီး အကြိုညီလာခံ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ ပအိုဝ်းတိုင်းရင်းသား နေထိုင်တဲ့ ပြည်နယ်နဲ့တိုင်းမှာ ပအိုဝ်းအမျိုးသား လူငယ်ညီလာခံအကြိုကို ကျင်းပခဲ့ပြီး အခုတကြိမ်ကနောက်ဆုံးပြုလုပ်တာလို့ ညီလာခံတက်ရောက်သူ ခွန်ကျော်ဇင်ဝင်းက ပြောပါတယ်။
အကြို ညီလာခံမှာ လူငယ်နဲ့အလုပ်အကိုင်အခွင့်အလှမ်း၊ လူငယ်နဲ့ နိုင်ငံရေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါးပြဿနာ၊ လူငယ်နဲ့အမျိုးသားရေးကိစ္စနဲ့ လူငယ်နဲ့ပညာရေးစတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒီနောက်ဆုံးအကြိမ် ပအိုဝ်းအမျိုးသားလူငယ်ညီလာခံကို ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီးမြို့နယ်၊ မောက်မယ်မြို့နယ်၊ နမ့်စန်မြို့ နယ်၊ လွိုလင်မြို့နယ၊် ဟိုပုံးမြို့နယ်၊ ညောင်ရွှေ မြို့နယ်နဲ့ ရပ်စောက် မြို့နယ် ရှိ ပအိုဝ်းလူငယ်တွေ တက်ရောက်ခဲ့ပါတယ်။
ပအိုဝ်းအမျိုးသား လူငယ်ညီလာခံကြီးကို ၂၀၂၀ ခုနှစ် မိုးမကျခင်မှာ ကျင်းပနိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။
လက်ရှိအကြိုညီလာခံကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ကယားပြည်နယ် နဲ့ ရှမ်းပြည်နယ် တွေမှပြုလုပ်ပြီးဖြစ်ပါတယ်။
ခွန်ရာဇာ