Homeမြန်မာသတင်း
နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံတကာစာချုပ်ပါအခွင့်အရေးများဖောက်ဖျက်ခံရပါက တိုင်ကြားနိုင်
နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံတကာစာချုပ်ပါအခွင့်အရေးများဖောက်ဖျက်ခံရပါက တိုင်ကြားနိုင်
DVB
·
February 29, 2020
နိုင်ငံသားတယောက်ဟာ ဖွဲ့စည်းပုံဥပဒေပါ နိုင်ငံသားတွေရဲ့မူလအခွင့်အရေး ဖောက်ဖျက်ခံရတာ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးတွေ ဖောက်ဖျက်ခံရတာ စတာတွေအတွက် ကိုယ်တိုင်ဖြစ်ဖြစ်၊ ကိုယ်စားပြုပြီး ဖြစ်ဖြစ် တိုင်ကြားနိုင်တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။
နိုင်ငံပိုင်သတင်းစာကနေ ဒီနေ့ ကြေညာလိုက်တာဖြစ်ပြီး နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားတဲ့ နိုင်ငံတကာစာချုပ်ပါ အခွင့်အရေးတွေ ဖောက်ဖျက်ခံရရင်လည်း တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
ဒီစာချုပ်တွေကတော့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC)၊ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်(CEDAW)၊ မသန်စွမ်းသူတွေ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (CRPD)နဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) တို့ ဖြစ်ပါတယ်။
ဒါတွေကို ဖောက်ဖျက်ခံရရင် ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ တခြားသူတယောက်ယောက်အတွက် ဖြစ်ဖြစ်၊ လူတစုကို ကိုယ်စားပြုပြီးတော့ဖြစ်ဖြစ် တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
တိုင်ကြားရာမှာလည်း “ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် ၂၇၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့” လို့ လိပ်မူပြီး မှတ်ပုံတင်စာနဲ့ ဖြစ်ဖြစ်၊ လူကိုယ်တိုင်ဖြစ်ဖြစ် ပေးပို့တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။
တိုင်တန်းသူရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ ဆက်သွယ်ဖို့ ဖုန်း၊ လိပ်စာ အပြည့်အစုံ၊ အမှုနဲ့ သက်ဆိုင်တဲ့ အထောက်အထား အပြည့်အစုံကို ဖော်ပြရမှာဖြစ်သလို တိုင်တန်းသူရဲ့ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူကို ပူးတွဲပေးဖို့လိုပြီး မှန်ကန်ကြောင်း ဝန်ခံချက်လက်မှတ်ထိုးဖို့လည်း လိုပါတယ်။
ကော်မရှင်အနေနဲ့ လိုအပ်ရင် တိုင်တန်းသူကို ခေါ်ယူတွေ့ဆုံမေးမြန်းမှာဖြစ်ပြီး တိုင်တန်းချက်ကို စုံစမ်းစစ်ဆေးပြီးတဲ့အခါ တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို သက်ဆိုင်ရာ အစိုးရဌာနတွေ၊ အဖွဲ့အစည်းတွေဆီ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ဖို့ ပေးပို့မှာဖြစ်ပြီး အရေးယူဆောင်ရွက်တာကိုလည်း ကော်မရှင် ဥပဒေနဲ့အညီ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။