နယ်စပ်ပြန်ဖွင့်ခဲ့သဖြင့် ဥရောပသွားမည့်သူများ တူရကီနယ်စပ် ရောက်ရှိ
DVB
·
February 29, 2020
နယ်စပ်တွေကို ဖွင့်လိုက်ပြီလို့ တူရကီအရာရှိ တယောက်က ပြောဆိုပြီး နောက်တနေ့ ဖေဖော်ဝါရီ ၂၉ ရက်မှာ ဥရောပကို သွားဖို့ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေ နယ်စပ်ကို ရောက်လာခဲ့ ပါတယ်။
ဆီးရီးယားမှာ စစ်ရေး အရှိန်မြင့်လာပြီး တူရကီစစ်သား ၃၃ ယောက် သေဆုံးပြီးနောက်မှာ တူရကီက အခုလို နယ်စပ်ဖွင့်မယ်လို့ ပြောခဲ့တာပါ။
နယ်စပ်ရောက်လာတဲ့ ဆီးရီးယားဒုက္ခသည် တယောက်ကလည်း သူတို့ အဲဒီရောက်နေတာ နှစ်ရက်ရှိပြီး ဒုက္ခသည်တွေထဲမှာ နှစ်လသားအရွယ် ကလေးငယ်လည်း ပါတယ်လို့ပြောပါတယ်။
ဒုက္ခသည်တယောက်ကလည်း ဥရောပမှာ ပိုမိုကောင်းမွန်တဲ့ ဘဝရရှိရေးမျှော်လင့်ချက်နဲ့ သူ့မိသားစုဟာ ရေခဲတဲ့ အပူချိန်အောက် ဟင်းလင်းပြင်ထဲမှာ အိပ်စက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဆီးရီးယား အနောက်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ပဋိပက္ခအတွက် တူရကီအစိုးရနဲ့ ရုရှားတို့ အပြန်အလှန် အပြစ်ဖို့ခဲ့ပါတယ်။
ဒီအတွက် နေတိုးအဖွဲ့ဝင် တူရကီနဲ့ ရုရှားအကြား ပဋိပက္ခရှောင်လွှဲဖို့ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းဝေးခေါ်ယူခဲ့ရပါတယ်။
ဆီးရီးယားဒုက္ခသည်တွေ ဥရောပကို ဝင်မလာစေဖို့ ၂၀၁၆ ခုနှစ်ကစပြီး ဥရောပနိုင်ငံတွေဟာ တူရကီကို အမှီသဟဲ ပြုနေရပါတယ်။
နယ်စပ်တွေကို တင်းကျပ်ထားပြီး ကိုရိုနာဗိုင်းရပ်စ် မပျံ့နှံ့စေဖို့ လူစုလူဝေးတွေကို တားမြစ်နေတဲ့ ဥရောပနိုင်ငံတွေမှာ ရွှေ့ပြောင်းသူအသစ်တွေ ရောက်လာမယ့် အခြေအနေက ဥရောပကို အထိတ်တလန့်ဖြစ်စေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။