Home
မြန်မာသတင်း
လေပြင်းဘေး ကြိုတင်ကာကွယ်ကြရန် လူကယ်ပြန်ဝန်ကြီး တိုက်တွန်း
DVB
·
February 29, 2020
မြန်မာနိုင်ငံမှာ လေပြင်းတိုက်ခတ်လေ့ရှိတဲ့ ရာသီကို ရောက်နေပြီဖြစ်လို့ နေအိမ်အဆောက်အဦတွေကို စစ်ဆေးဖို့နဲ့ လေဒဏ်ခံနိုင်အောင်ပြုပြင်ကြဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ နှစ်စဉ် ဖေဖော်ဝါရီလလယ်ပိုင်းလောက်ကစပြီး မေလလယ်လောက်အထိ လေပြင်းတိုက်ခတ်လေ့ရှိပြီး အိုးအိမ်အဆောက်အဦပေါင်း ၄၀,၀၀၀ လောက်အမိုးအကာတွေ ပျက်စီးလေ့ရှိပါတယ်။ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ အများဆုံးဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ထိခိုက်ဆုံးရှုံးတာတွေ သက်သာစေဖို့အတွက် ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး မနေ့က အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၆၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တို့မှာ တနှစ်မှာ ပျမ်းမျှ အိမ်ပေါင်း ၄၃၀၀၀ ကျော် အမိုးအကာတွေ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ လေပြင်းဘေး အန္တရာယ် ဆိုင်ရာ အသိပညာပေးတာ၊ အားဖြည့်ပြင်ဆင်ပေးတာတို့ကို ၂၀၁၆ ခုနှစ်ကစလို့ လေပြင်းဘေး ဖြစ်ပွားတာများတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လုပ်ပေးခဲ့လို့ ၂၀၁၉ ခုနှစ်မှာတော့ အိမ်ပေါင်း ၃၇,၀၀၀ ကျော်လောက်ပဲ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ဒီနှစ်မှာလည်း အရင်နှစ်တွေထက် ပျက်စီးတာလျော့နည်းစေဖို့ လေပြင်းဘေးကြိုတင် ဆောင်ရွက်တာတွေကို မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်း၊ ရှမ်းနဲ့ ကချင်ပြည်နယ်တို့မှာ ဖေဖော်ဝါရီလဆန်းပိုင်းက စလို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ နေအိမ်အဆောက်အဦတွေ ခိုင်ခံ့မှုကို စစ်ဆေးပြီး လေဒဏ်ခံနိုင်ဖို့ အမိုး၊ အခင်း၊ အကာတို့မှာ ထောက်တန်းတွေ၊ ထောက်တိုင်တွေကို လိုအပ်သလို ဖြည့်စွက်ဖို့၊ အဆက်နေရာတွေ ချောင်မနေအောင်လုပ်ဖို့၊ မြေဝင်အိမ်တိုင်တွေကို သိပ်သည်းကျစ်လျစ်စေဖို့ တိုင်ဖိနပ် ပတ်လည်မှာ မြေဖို့ ဖို့ ဝန်ကြီးဌာနက တိုက်တွန်းကြေညာထားပါတယ်။ ပြီးတော့ သွပ်မိုးအစွန်းနေရာတွေမှာ သွပ်သံ စိပ်စိပ်ရိုက်ဖို့၊ ဓနိ၊ သက်ငယ်မိုးတွေမှာ ဝါးရာဇမတ်ကွက် (ကြက်နင်း) နဲ့ အုပ်မိုးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ သက်ဆိုင်ရာဌာနအလိုက်ထုတ်ပြန်တဲ့ မိုးလေဝသ သတင်းတွေ၊ အကြံပြုချက်တွေ၊ သတိပေးချက်တွေကို လိုက်နာဖို့နဲ့ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး လိုအပ်ရင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဖွင့်လှစ်ထားတဲ့ Hot Line ဖုန်းတွေ ဖြစ်တဲ့ ၀၆၇ ၃၄၀ ၄ ၆၆၆၊ ၀၆၇ ၃၄၀ ၄ ၇၇၇ တို့ကို ဆက်သွယ် အကူအညီတောင်းနိုင်တယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024