ချမ်းမြသာစည်မြို့နယ်တွင် နေအိမ်မီးလောင်မှုကြောင့် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
February 29, 2020
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်က နေအိမ်တလုံးမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည ၉ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နေအိမ်ပိုင်ရှင် ဦးမောင်မောင်လွင်ရဲ့ တူဖြစ်သူက လက်ကိုင်ဖုန်း အားသွင်းထားရာကနေ အပူလွန်ကဲပြီး မွေ့ယာကို မီးကူးစပ်ကာ စတင်လောင်ကျွမ်းခဲ့တာပါ။
မန္တလေးတိုင်း မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက “ကျနော်တို့ ဖုန်းသတင်းဝင်လာခြင်း Level 1 သတ်မှတ်ပြီး မီးသတ်အင်အား သန္ဓေ ၃၀၊ အရန် ၅၀၊ မီးသတ်ယာဉ် ၆ စီး၊ ရေသယ် ယာဉ် ၄ စီးနဲ့ အမြန်ဆုံး မီးကို ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ အခုလို ပွင့်လင်းရာသီ ရောက်ချိန်မှာ မိသားစုတိုင်းက မီးသုံးစွဲရာမှာ အထူးဂရုစိုက်စေချင်ပါတယ်။ ဖုန်းအားသွင်းထားပဲဆိုပြီး မပေါ့ဆ စေချင်ဘူး။ မီးက အချိန်မရွေး အသက်အန္တရာယ်အထိ ပေးနိုင်တယ်၊ အားလုံးမီးကို အန္တရာယ်ကင်အောင် ကြိုးတွေ၊ ပလပ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေကို မကြာခဏစစ်ဆေးကြဖို့ သတိပေး တိုက်တွန်းပါရစေ” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဦးမောင်မောင်လွင် ရဲ့ တူဖြစ်သူ မျိုးသူအောင်ဟာ ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး သားမတ်ဖြစ်သူကတော့ မျက်နှာမီးလောင်ဒဏ်ရာ၊ လက် မီးဟပ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
နေအိမ်အပေါ်ထပ် ပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၃၈၀၀၀၀ ကျပ်လောက် ရှိတယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ခဲ့တဲ့ အိမ်ရှင် ဦးမောင်မောင်လွင်ကို ရာဇသတ်ကြီး ပုဒ်မ၂၈၅ /၃၀၄ ၃၈၈ တို့နဲ့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။