မိတ္ထီလာ ကျေးလက်သောက်သုံးရေရှိရေး ကျပ်သိန်း ၅၀၀၀ ကျော် အသုံးပြု ဆောင်ရွက်နေ
DVB
·
February 29, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အတွင်းက ကျေးလက်ပြည်သူတွေအတွက် ၂၀၁၉-၂၀၂၀ ခုနှစ်မှာ သောက်သုံးရေ ရရှိရေးနဲ့ အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်ရေးအတွက် ငွေကျပ်သိန်း ၅၀၀၀ ကျော် အသုံးပြုပြီး ဆောင်ရွက်ပေးနေတယ်လို့ မိတ္ထီလာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြောပါတယ်။
မိတ္ထီလာ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးအေးဇော်မြင့်က “ဒီနှစ်နွေမှာ ရွာ ၄ ရွာလောက်ရေပြတ်နိုင်တယ် ခန့်မှန်းထားတယ်။ သောက်သုံးရေ မပြတ်လပ်အောင် စီမံထားတယ်။ ရေတွင်းတူးလို့ရမယ့်ရွာကို ရေတွင်းတူးပေးမယ် ရေတွင်းတူးလို့ မရရင် မြေသားရေကန် လုပ်ပေးမယ်။ ၂၀၁၉ အကုန်အထိ ရေတွင်းရေကန် ၁၂၂ ခုလုပ်ပေးထားတယ်။ ကျေးရွာတွေကို ရေတွင်းတို့၊ ရေလှောင်ကန်တို့ လုပ်ပေးထားတော့ တနှစ်ထက်တနှစ် ရေပြတ်လပ်တဲ့ရွာ လျော့နည်းလာတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းကာ ရွာတွေကိုဆင်းပြီး သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
"သီးနှံဖြစ်ထွန်းပြီး ကျေးလက်ပြည်သူတွေ ဝင်ငွေတိုးအောင် စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်ပေးတယ်။ တနိုင်တပိုင် ဝင်ငွေရစေမယ့် မွေးမြူရေးတွေကိုလည်း မွေးကုဌာနနဲ့ အတူ ရွာတွေကို လုပ်ပေးတယ်။ လက်မှုပညာအနေနဲ့ တောင်းရက်ပညာသင်တန်း၊ စက်ချုပ်ပညာသင်တန်း၊ လက်သမားပညာသင်တန်းတွေ လုပ်ပေးတယ်၊ သင်တန်းသား ၅၀၀ ကျော် သင်ပေးခဲ့ပြီးပြီ” လို့ ဦးအေးဇော်မြင့်က ပြောပါတယ်။
မိတ္ထီလာမြို့နယ်မှာ ကျေးရွာအုပ်စု ၅၈ ခု၊ မြို့ပေါ်ရပ်ကွက် ၁၄ ခုရှိပြီး လူဦးရေ ၃ သိန်းခွဲလောက် ရှိပါတယ်။
မောင်မောင်လင်း