Home
မြန်မာသတင်း
ကမ္ဘာ့အင်ဂျင်နီယာများနေ့အထိမ်းအမှတ်ပွဲ ရန်ကုန်တွင် ကျင်းပမည်
DVB
·
February 28, 2020
ကုလသမဂ္ဂက ချမှတ်ထားတဲ့ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ၁၇ ချက်ကို  ရရှိနိုင်ဖို့ အင်ဂျင်နီယာတွေနဲ့ အစိုးရဌာနတို့ ပူးပေါင်းပြီး ကမ္ဘာ့အင်ဂျင်နီယာများနေ့ အခမ်းအနားကို ကျင်းပသွားမယ်လို့ သိရပါတယ်။ ကမ္ဘာ့အင်ဂျင်နီယာများနေ့ အခမ်းအနားကိုတော့ လာမယ့် မတ်လ ၄၊ ၅၊၆ ရက်နေ့တွေမှာ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်နဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့ ပူးပေါင်းပြီး ကျင်းပမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့် က "ရေရှည်တည်မြဲတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖြစ်ထွန်းမှုတွေရဲ့ အကျိုးကျေးဇူးတွေကို အားလုံးတူညီစွာခံစားနိုင်စေမယ့် နည်းပညာသစ်တွေပေါ်ထွန်းလာဖို့ ကျနော်တို့ ကြိုးစားနေ ပါတယ်။ ဒီကမ္ဘာ့အင်ဂျင်နီယာများနေ့ အခမ်းအနားကလည်း ဒီလို အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ ကမ္ဘာ့အင်ဂျင်နီယာများနေ့အတွက် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ကလည်း ပူးပေါင်းပါဝင်မှာဖြစ်သလို အဲ့ဒီကနေ မြန်မာ့အင်ဂျင်နီယာတွေရဲ့ ပညာရေးကိုပါ အဆင့်တိုးမြှင့်ဆောင်ရွက်နိုင်မယ့် ရေရှည်အစီအမံတွေကို ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အခြေစိုက် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့တဲ့  ၁၉၆၈ ခုနှစ် မတ်လ ၄ ရက်နေ့ကိုအစွဲပြုပြီး ကမ္ဘာ့အင်ဂျင်နီယာများနေ့အဖြစ် ယူနက်စကိုအဖွဲ့ကြီးက  ၂၀၁၉ ခုနှစ်မှာ စတင်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။   ဇာခြည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024