Live
Home
မြန်မာသတင်း
ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ဘားအံနည်းပညာတက္ကသိုလ် ကြေညာ
DVB
·
February 28, 2020
ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာရှိတဲ့ ဘားအံနည်းပညာတက္ကသိုလ်နယ်မြေကို ဆေလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ တရားဝင်ကြေညာလိုက်ပါတယ်။ နည်းပညာတက္ကသိုလ် (ဘားအံ)ကို ဆေးလိပ်ငွေ့ကင်းစင် တက္ကသိုလ်ဖြစ်ကြောင်း ကြေညာခြင်းနဲ့ လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေး လှုပ်ရှားမှုအခမ်းအနားကို မနေ့က နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပပြီး တရားဝင်ကြေညာလိုက်တာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က “ဘားအံနည်းပညာတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်တဲ့ ဇုန်အဖြစ် ဝိုင်းဝန်း တည်ဆောက်ပေးကြပါ။ ဒီနေ့ပွဲမှာ ဒီနေ့တစ်ရက်တည်းမှာပဲ ဆေးလိပ်ကင်းစင်တာမဟုတ်ဘဲနဲ့ နေ့စဉ် နောင်လာမယ့် မျိုးဆက်တွေထိ ဆေးလိပ်ငွေ့ကင်းစင်တဲ့ကျောင်းဖြစ်အောင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါ”လို့ ပြောပါတယ်။ ဒီအစီအစဉ်ကို ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ နည်းပညာတက္ကသိုလ်(ဘားအံ)တို့ ပူးပေါင်းပြီး ကျင်းပခဲ့တာပါ။ ကျောင်းသားလူငယ်တွေ၊ ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတွေအကြား ဆေးလိပ်သောက်သုံးမှု လျော့ချနိုင်ဖို့၊ ကျောင်းတွင်း ပတ်ဝန်းကျင် ဆေးလိပ်သောက်သုံးမှု မရှိစေဖို့၊ ဆေးလိပ်ငွေ့ကတဆင့် ဆေးလိပ်ငွေ့အန္တရာယ်ကိုကာကွယ်နိုင်ဖို့နဲ့ လူငယ်တွေအကြား မျိုးဆက်ပွားကျန်းမာရေးအကြောင်း ပိုမိုသိရှိစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာပါ။ နည်းပညာတက္ကသိုလ်(ဘားအံ)၊ ဒုတိယနှစ်ကျောင်းသူ၊ မရှိုင်းရတနာကျော်လွင်က “ဆေးလိပ်ကို ပတ်ဝန်းကျင်ကို မထိခိုက်အောင် တတ်နိုင်သမျှရှောင်ကြဉ်ရမယ်။ သားဆက်ခြား နဲ့ပတ်သက်ပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရမယ်”လို့ ပြောပါတယ်။ နည်းပညာတက္ကသိုလ်(ဘားအံ)၊ ပဉ္စမနှစ်ကျောင်းသား၊ မောင်သက်နိုင်ထွန်းကတော့ “ဆေးလိပ်သောက်တဲ့သူတွေ ဒီလိုပွဲတွေ တက်စေချင်တယ်။ ဆေးလိပ်သောက်တဲ့သူတွေ အပြင်မှာ တကယ်ဖြစ်နေတာ(ရောဂါ)ကို တွေ့စေချင်တယ်”လို့ ပြောပါတယ်။ အလားတူ ဘားအံတက္ကသိုလ်ကိုလည်း ၂၀၁၉ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် တရားဝင်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ သတင်း- ရဲမင်းခေါင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024