အမေရိကန် ဘီယာကုမ္ပဏီတခုတွင် ပစ်ခတ်မှုဖြစ်၊ ၅ ဦးသေဆုံး

Reuters
အမေရိကန်နိုင်ငံ၊ ဝီလ်ကွန်ဆင်ပြည်နယ်၊ မီလ်ဝါကီမြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်က  သေနတ်သမား တယောက် ပစ်ခတ်လို့ လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။  မော်ဆန်ကောလ်စ်ဘီယာကုမ္ပဏီမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီနောက် သေနတ်သမားဟာ  ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ ဝါရှင်တန်ပို့စ်က ဖော်ပြပါတယ်။   မီလ်ဝါကီ ဂျာနယ်ဆန်တီနယ်သတင်းစာကတော့ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး သေနတ်သမားအပါအဝင် ၇ ယောက်သေဆုံးတယ်လို့ ဖော်ပြပါတယ်။ အဲဒီသတင်းမှန်၊ မမှန်ကိုတော့ ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။  သံသယရှိသူ သေနတ်သမားဟာ အသက် ၅၁ နှစ်အရွယ် မီလ်ဝါကီဒေသခံ တဦးဖြစ်တယ်လို့ ဖော်ပြပါတယ်။  မီလ်ဝါကီရဲတပ်ဖွဲ့ကတင်တဲ့ တွစ်တာပို့စ်မှာတော့ ရဲတပ်ဖွဲ့ဟာ သေနတ်ပစ်ခတ်တဲ့ ဖြစ်ရပ်ကို စုံစမ်းနေပြီး ပစ်ခတ်မှုဖြစ်တဲ့ နေရာအနီးမှာ မနေကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ နေ့လယ် ၂ နာရီဝန်းကျင်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ တခြားဒဏ်ရာရသူတွေ မရှိခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။   မော်ဆန်ကောလ်စ်ဘီယာ ကုမ္ပဏီမှာ  အလုပ်သမား ၁၀၀၀ ကျော်ရှိပြီး ပစ်ခတ်မှုဖြစ်ရာ  ဝင်းထဲမှာ အဆောက်အအုံ ၂၀ ကျော် ရှိပါတယ်။  သေနတ်ပစ်ခတ်မှုအကြောင်းသိရှိခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း  သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူကြေကွဲရပါတယ်လို့ ပြောကြားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up