နိုင်ငံရေးပါတီများနှင့် မဟာမိတ်မဖွဲ့ထားသည့် အစိုးရတရပ် ဖွဲ့လိုဟု မဟာသီယာပြော

1.7K
မလေးရှားကြားဖြတ်ဝန်ကြီးချုပ် မဟာသီယာက သူသာ ပါလီမန်ထောက်ခံမှုရရင် အချိန်ပြည့် ဝန်ကြီးချုပ်အဖြစ်ပြန်လာပြီး ဘယ်နိုင်ငံရေးပါတီနဲ့မှ မဟာမိတ်ဖွဲ့မထားတဲ့ အစိုးရတရပ် ဖွဲ့စည်းလိုတယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၄ ရက် ရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေအတွက် မဟာသီယာက တောင်းပန်လိုက်ပါတယ်။
နိုင်ငံကိုပြောတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ မဟာသီယာက နိုင်ငံ့အကျိုးစီးပွား တခုတည်းကိုပဲ ဦးစားပေးတဲ့ အစိုးရတရပ်ကို ဖွဲ့စည်းလိုတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်မှာပဲ အန်ဝါအီဘရာဟင်က အာဏာရညွန့်ပေါင်းအဖွဲ့ရဲ့ ပါတီသုံးခုဟာ သူ့ကို ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပက်ခါတန်ဟာရာပန်ညွန့်ပေါင်းအဖွဲ့ဟာ လျှို့ဝှက်အစိုးရအဖွဲ့ ဖွဲ့စည်းမယ့် ဘယ်လို ကြိုးပမ်းချက်ကိုမှ သဘောမတူဘူးလို့ အန်ဝါ အီဘရာဟင်က သတင်းထောက်တွေကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်က အဓိကနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့လုပ်တဲ့ အစည်းအဝေးမှာ မဟာသီယာက ညွန့်ပေါင်းအစိုးရဖွဲ့ရေးကို အဆိုပြုခဲ့ပါတယ်။
အဲဒီအဓိက နိုင်ငံရေးပါတီတွေထဲမှာ မဟာသီယာရဲ့ တချိန်က ပြိုင်ဘက်နဲ့ မဟာမိတ်တဦး ဖြစ်တဲ့ အီဘရာဟင်နဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံရေးပါတီ ၄ ခုပါဝင်ပါတယ်။
ညွန့်ပေါင်းအစိုးရအဖွဲ့ဟာ မဟာသီယာကို အရင်တုန်းကထက် ပိုကြီးမားတဲ့ အခွင့်အာဏာ ပေးနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။