ရွှေ့ပြောင်းလာသူများ လက်ခံကြိုဆိုရေးစခန်း တည်ဆောက်မှုကို ဂရိဒေသခံများ ဆန့်ကျင်

1.8K
ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းမှာ ရွှေ့ပြောင်းလာသူတွေအတွက် လက်ခံကြိုဆိုရေးစခန်း တည်ဆောက်တာကို ဆန့်ကျင်တဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထိပ်တိုက်တွေ့ခဲ့ပါတယ်။
တည်ဆောက်ရေးအတွက် ဆိပ်ကမ်းမှာ ယန္တရားကြီးတွေ ချတာကို လူ ၅၀၀ ခန့်က ပိတ်ပင်တားဆီးဖို့ လုပ်ခဲ့တယ်ဆိုပြီး မျက်မြင်တွေက ပြောပါတယ်။
အဲဒီနောက် ဒေသခံတွေက တည်ဆောက်ရေးလုပ်ငန်းခွင် သွားရာလမ်းကို ပိတ်ဆို့ခဲ့ပြီး နောက်ပိုင်း လမ်းပေါ်မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။
လက်စ်ဘော့်စ်ကျွန်းပေါ်က ကြိုဆိုလက်ခံရေးစခန်းသစ်ဟာ အသစ် ရောက်လာသူတွေအတွက် ဖြစ်ပြီး လက်ရှိ မော်ရီရာစခန်း နေရာအစား လက်ခံမှာ ဖြစ်ပါတယ်။
အဲဒီစခန်းဟာ လူ ၃၀၀၀ အောက်အတွက်သာ တည်ဆောက်ထားပေမယ့် လက်ရှိမှာတော့ လူပေါင်း ၁၉၀၀၀ ကျော် နေထိုင်နေပါတယ်။
ဒါကြောင့်မို့ အဲဒီစခန်းကလူတွေကို ဂရိအာဏာပိုင်တွေက လက်စ်ဘော့စ်၊ ရှီယော့စ်၊ ဆာမော့စ်၊ ကော့ရှ်နဲ့ လဲရော့စ်ကျွန်းတွေမှာ ပြန်နေရာချထားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကျွန်းနေ ဒေသခံတွေကတော့ အဲဒီစခန်းတွေမှာ အရင်စခန်းတွေလို လူတွေ ပြန်ပြည့်နှက်လာမှာ စိုးရိမ်နေကြတယ်လို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။