ကယားပြည်နယ်အတွင်း ရေရှားပါးမှု စောလျင်စွာ ကြုံတွေ့နေရ
နော်နိုရင်း
·
February 26, 2020
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်း ကတည်းက သောက်သုံးရေတွေခန်းခြောက်ပြီး ဒေသခံတွေ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။
ဖရူဆိုမြို့နယ် ကေးလျားအုပ်စု၊ မာခရော်ရှေ့အုပ်စု၊ ဒိုးပရယ်အုပ်စုနဲ့ မိုဆို ကျေးရွာအုပ်စုတွေက ရွာပေါင်း ၄၀ ခန့် ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။
“ဒီဘက်မှာကတော့ အုပ်စုက ၄ အုပ်စု ရွာက ခန့်မှန်း ၄၀ လောက်ရှိမှာပေါ့နော်။ လက်ရှိမှာကလည်း ခါတိုင်းနှစ်ထက်ပိုပြီးတော့မှ စောစောစီးစီး ရေက ခန်းတာတွေဖြစ်တာပေါ့။ ခါတိုင်းနှစ်က မိုးက နည်းနည်းများတဲ့အခါကျတော့ မတ်လကုန်ခါနီးလောက်မှ ရေက နည်းနည်းရှားလာတဲ့ သဘောမျိုးရှိတယ်။ ဒီနှစ်ကျတော့ မိုးကနည်းတာပေါ့နော်။ နည်းတဲ့အခါကျတော့ ဒီနှစ်က ရေက စောစောစီးစီးခန်းတဲ့သဘောမျိုးဖြစ်သွားတာပေါ့။ ”
ဖရူဆိုမြို့နယ်မှာ နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှုနဲ့ကြုံတွေနေရပေမယ့်အခုနှစ်မှာ ဖေဖော်ဝါရီလ ပထမပတ်လောက်ကတည်းက ရေတွေခန်းခြောက်ကုန်ပြီး အခုဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာပိုမိုဆိုးဝါလာတဲ့အနေအထားဖြစ်တယ်လို့လည်းဦးသဲရယ်က ပြောပါတယ်။
ခါတိုင်းနှစ်တွေမှာ ပရဟိတ ရေအလှူရှင်တွေအပြင် အစိုးရဘက်လည်း ဘတ်ဂျက်ရေးဆွဲပြီး ကူညီပေးတာတွေရှိပေမယ့် ဒီနှစ်ကရေစောပြီး ခန်းတဲ့အတွက် အခုနှစ်အတွက် အစိုးရဘတ်ဂျက် မကျလာသေးဘဲ ရရာအကူအညီနဲ့ ဒေသခံတွေရေရရှိရေး ချိတ်ဆက်ကူညီနေရတယ်လို့ ဦးသဲရယ်က ပြောပါတယ်။
“ခါတိုင်းနှစ် အစိုးရက ဘတ်ဂျက် လျာထားတာကတော့ ဒီမတ်လလောက်မှပဲ လျာထားတာပေါ့လေ။ ဆိုတော့ခါတိုင်းနှစ်လိုပဲရှိမှာပေါ့ဆိုတဲ့သဘောမျိုးနဲ့ အခုထိ အစိုးရကနေ လျာထားတဲ့ ဘတ်ဂျက်မကျလာသေးဘူး။ ဆိုတော့ ဒီနှစ်က ပိုပြီးတော့မှ နည်းနည်း အခက်အခဲရှိတာပေါ့။ ”
ဖရူဆိုမြို့နယ်မှာ မြေအောက်ရေမရှိတဲ့အတွက် တွင်းရေတူးဖော်လို့မရသလို စိမ့်စမ်းရေကိုပဲ အားကိုးနေကြရတာပါ။ အခုနှစ်မှာ စမ်းရေတွေလည်း စောစောရေခန်းကုန်ပြီး ကန်တွေလည်း ရေခန်းနေလို့ ရေရှားပါးမှုပြဿနာ ဒီနှစ်ပိုပြီး ကြာရှည်စွာခံစားရနိုင်ဖွယ်ရှိနေပါတယ်။
အလားတူ ဒီးမော့ဆိုမြို့နယ် ဒေါဆိုဖျ၊ ဒေါညေးခူ၊ ဒေါတမကြီး အစရှိတဲ့ကျေးရွာ ပေါင်း ၁၅ ရွာလည်း အခုလက်ရှိ ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ပြောပါတယ်။
“အနည်းဆုံးတော့ ၁၅ ရွာလောက်တော့ရှိမယ်ထင်တယ်။ သူတို့က သဘာဝတွင်းထွက်ရေ ရယ်၊ နောက်ပြီးတော့မှ သူတို့ကန်တွေက ရှိတယ်လေ။ အဲဒါ ဒီအချိန်သူတို့ကန်တွေက ခြောက်ပြီ လေ။ နှစ်တိုင်းဒီအချိန်ဆိုရင် ခန်းပြီ။ နွေအချိန်ရောက်လာပြီဆိုရင် ခန်းလာကြကုန်ပြီလေ။”
လောလောဆယ်မှာတော့ ရေခန်းခြောက်မှုနဲ့ ရေလိုအပ်မှုတွေအတွက် ရွှေလွိုင်ကော်ပရဟိတ အသင်း၊ ငွေတောင်ပြည်နာရေးကူညီအမှုအသင်းနဲ့ မီးသတ်ဌာနတွေက ရေရှားပါးတဲ့ ကျေးရွာတွေကို ရေလှူပေးနေပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ရေအလှူရှင်တွေကို ရှာဖွေကူညီ လုပ်ဆောင် ပေးနေပါတယ်။