အာဏာရှင် အီဂျစ်သမ္မတဟောင်း ဟော့စနီမူဘာရက် ကွယ်လွန်

756
အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာအုပ်ချုပ်ခဲ့တဲ့ အာဏာရှင် သမ္မတဟောင်း ဟော့စနီမူဘာရက်ဟာ ဖေဖော်ဝါရီလ ၂၅ ရက်က အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
ဟော့စနီမူဘာရက်ဟာ အီဂျစ်လေတပ် တိုက်လေယာဉ်မှူးတဦးဖြစ်ပြီး အီဂျစ်လေတပ်မှာ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၆၇ အစ္စရေး-အာရပ် ၆ ရက် စစ်ပွဲမှာ အစ္စရေးစစ်လေယာဉ်တွေက အီဂျစ်လေတပ်ကို ချေမှုန်းပြီးနောက် မူဘာရက်ဟာ လေတပ်သင်တန်းကျောင်း အကြီးအကဲဖြစ်လာပြီး အီဂျစ် လေတပ်ပြန်တည်ဆောက်ရေး တာဝန်ပေးအပ်ခံရပါတယ်။
၁၉၇၂ ခုနှစ်ကစလို့ မူဘာရက်ဟာ အီဂျစ်လေတပ် အကြီးအကဲ တာဝန်ထမ်းခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ အစ္စရေးကို တိုက်ခိုက်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာတော့ သမ္မတ အန်ဝါဆာဒက်က မူဘာရက်ကို ဒုသမ္မတ ခန့်အပ်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ သမ္မတ အန်ဝါဆာဒက် လုပ်ကြံခံရပြီးနောက် မူဘာရက်ဟာ အီဂျစ်သမ္မတ ဖြစ်လာခဲ့ပါတယ်။
သမ္မတ မူဘာရက်ဟာ ကိုယ် အသက်ရှင်သန်လွတ်မြောက်ဖို့ ကြိုးပမ်းရင်း ဆယ်စုနှစ်ကြာ နိုင်ငံတိုးတက်မှု နှေးကွေးတာနဲ့ ဖိနှိပ်တာတွေကြောင့် သူဟာ တဖြည်းဖြည်း အာဏာရှင် ဖြစ်လာခဲ့ပါတယ်။
၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးမှာ သမ္မတမူဘာရက် ရာထူးက ပြုတ်ကျခဲ့ပြီး သြဂုတ်လမှာ သူ့ကို ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ၂၀၁၂ ဇွန်လမှာတော့ ဆန္ဒပြသူတွေကို သတ်ဖြတ်ရာမှာ ပူးပေါင်းကြံစည်မှုနဲ့ မူဘာရက်ကို ထောင်ဒဏ် တသက် ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် ကိုင်ရိုမြို့ရှိ တော်ရာ အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီး အခါအားလျော်စွာ သူ့ကျန်းမာရေးအခြေအနေကြောင့် မားဒီစစ်ဆေးရုံကို တင်ခဲ့ရပါတယ်။
သုံးနှစ်အကြာမှာတော့ အီဂျစ်ထိပ်တန်းအယူခံတရားရုံးက မူဘာရက်ကို တရားသေ လွှတ်ခဲ့ပြီး သူဟာ ဟေလီယာပိုလစ်အရပ်က နေအိမ်ကို ပြန်သွားခဲ့ပါတယ်။
အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်ဟာ ခွဲစိတ်မှုခံယူပြီးနောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။