ဆွစ်ဇာလန်တွင် အသက် ၇၀ အရွယ် အမျိုးသား ၁ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

အီတလီနဲ့ ဆွစ်ဇာလန်နယ်စပ်က တီစီနိုကန်တွန်မြို့မှာ အသက် ၇၀ အရွယ် အမျိုးသားတယောက် Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဆွစ်ကျန်းမာရေး အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောပါတယ်။ ဒါဟာ ဆွစ်ဇာလန်နိုင်ငံမှာ ပထမဆုံး ဗိုင်းရပ်စ် ကူးစက်မှုပါ။ ကူးစက်ခံ လူနာဟာ အီတလီနိုင်ငံ မီလန်မြို့အနား လူ ၁၅ ယောက်တက်တဲ့ အစည်းအဝေးကို တက်ရောက်အပြီးမှာ ဖျားနာခဲ့တာလို့လည်း ပြောပါတယ်။ ဥရောပမှာ အကြီးဆုံးကူးစက်မှုအနေနဲ့ အီတလီနိုင်ငံမှာ လူအယောက် ၂၈၀ ကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၇ ဦး သေဆုံးခဲ့ပြီးပါပြီ။ စပိန်ကုန်းမကြီးမှာလည်း ပထမဆုံး အနေနဲ့ ကူးစက်ခံ တယောက် ရှိနေပြီလို့ အတည်ပြုထားပါတယ်။ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ နေထိုင်တဲ့ အီတလီ အမျိုးသမီးတယောက် ဗိုင်းရပ်စ် ကူးစက်ခံရလို့ ဘာစီလိုနာဆေးရုံမှာ ကုသပေးနေတယ်လို့ ကာတာလန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကျန်းမာရေး အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောပါတယ်။ သြစတြီးယားနိုင်ငံကလည်း ပထမဆုံးအနေနဲ့ ကူးစက်ခံ ၂ ယောက် တွေ့ထားပြီလို့ ဖေဖော်ဝါရီ ၂၅ ရက်က အတည်ပြုပါတယ်။ အီတလီနိုင်ငံထဲမှာ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရာမှာ အီတလီ ကျန်းမာရေးဝန်ကြီးဌာနကို ပံ့ပိုးဖို့ ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (ECDC)  က သူ့ရဲ့ ပညာရှင်အဖွဲ့တဖွဲ့ကို စေလွှတ်မယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက် မွန်းတည့်ချိန်ထိ အတည်ပြုထားတဲ့ အချက်အလက်တွေအရ အီတလီနိုင်ငံထဲမှာ ကူးစက်ခံ ၃၂၃ ယောက်ရှိနေပြီး ၁၁ ယောက် သေဆုံးခဲ့ပြီးပါပြီ။ ကူးစက်ခံ အများစုဟာ မီလန်မြို့ရှိရာ လွန်ဘာဒီဒေသထဲမှာ ရှိနေခဲ့တာပါ။ အီတလီခရီးသွားလုပ်ငန်းအဖွဲ့က ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အရေးပေါ် အခြေအနေ ကြေညာပေးဖို့ ဝန်ကြီးချုပ်ဆီ စာပေးပို့ တောင်းဆိုထားတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ကာကွယ်ဆေး တီထွင်ထုတ်လုပ်ဖို့ သုတေသနအတွက် အမေရိကန်ဒေါ်လာ ၁၀၉ သန်းနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီ WHO အတွက် အမေရိကန်ဒေါ်လာ ၁၂၄ သန်း အပါအဝင် ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၅၂ သန်း သုံးစွဲခွင့်ပြုပေးဖို့ ဥရောပသမဂ္ဂက ဆုံးဖြတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up