ဖားဥကြော်စားမိပြီး အစာအဆိပ်သင့်ခဲ့သည့် ကလေးငယ် ၁ ဦးသေဆုံး၊ ၅ ဦးဆေးကုသမှုခံယူ
Aung Ko Latt
·
February 26, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သာစည်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက အရွယ်မရောက်သေးတဲ့ ကလေးငယ် ၆ ဦး ဖားဥကြော်စားမိပြီး အစာအဆိပ်သင့်လို့ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးသွားပါတယ်။
အစာအဆိပ်သင့် မူးဝေအော့အန်လို့ ကသာမြို့နယ်ပြည်သူ့ဆေးရုံကို ရောက်ရှိလာသူတွေထဲမှာ ၁၂ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ ၁၁ နှစ်အရွယ် ယောက်ျားလေး ၂ ဦး၊ ၉ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ ၅ နှစ်နဲ့ ၄ နှစ်အရွယ် မိန်းကလေး ၂ ဦးတို့ ဖြစ်ပြီး ၄ နှစ်အရွယ်မိန်းကလေးကတော့ ဆေးကုသမှုခံယူရင်းသေဆုံးသွားခဲ့တာလို့ ကသာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးညီညီထွန်းက ပြောပါတယ်။
"ကျန်တဲ့ ကလေး ၅ ဦးကတော့ ဆေးရုံတက်နေတုန်း။ အခြေအနေတော့ ကောင်းသွားပြီလို့ ဆရာဝန်မကြီးရဲ့ ပြောပြချက်အရ သိရတယ်။ သေဆုံးတဲ့ ကလေးကို ဗိုက်ခွဲကြည့်တော့ ဗိုက်ထဲမှာ ဖားဥလို့ ယူဆရတဲ့ အစာဟောင်းတွေ တွေ့တယ်လို့ ပြောတယ်။ ဒါကြောင့် အစာအဆိပ်သင့်တာလို့ သုံးသပ်ထားတယ်။ ဓာတ်ခွဲခန်းကိုလည်း ပေးပို့ထားတယ်။ တစ်ပတ်လောက်နေရင်တော့ အဖြေသိရမှာပါ။"လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ သတင်းတွေအရ ကလေးငယ်တွေက ဧရာဝတီမြစ်အတွင်းက ရရှိလာတဲ့ ဖားဥတွေကို လူကြီးမိဘတွေ မရှိခိုက် နေအိမ် မီးဖိုချောင်မှာ ကြော်စားရာကနေ မူးဝေအော့အန်ပြီး ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကသာမြို့မရဲစခန်းကတော့ သေမှုသေခင်းအမှတ်စဉ် ၅/၂၀၂၀ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။