Homeမြန်မာသတင်း
စာပိုဒ်ကျန်နေခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ချက်ကို ပြန်လည်ဖြည့်စွက်ပြီး လွှတ်တော်တွင်းဖြန့်ဝေ
စာပိုဒ်ကျန်နေခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ချက်ကို ပြန်လည်ဖြည့်စွက်ပြီး လွှတ်တော်တွင်းဖြန့်ဝေ
DVB
·
February 26, 2020
မနေ့ကပြည်ထောင်စုလွှတ်တော်မှာ စကားအခြေအတင်ဖြစ်ခဲ့ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်စာပိုဒ်ကျန်ခဲ့တာကို ဒီနေ့ လွှတ်တော်မှာ ပြန်လည်ဖြည့်စွက်ဖြန့်ဝေလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်က လွှတ်တော်မှာ ဖြန့်ဝေခဲ့တဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာ နောက်ဆက်တွဲ (ကန့်လန့်ဖြတ်ဇယား) မှာ စာပိုဒ်တခုကျန်ခဲ့တာပါ။
စာပုဒ်ကျန်နေခဲ့တဲ့ ပုဒ်မကတော့ ဗိုလ်မှူးချုပ် အောင်စန်းချစ်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ယောက် တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ ဋ ဖြစ်ပါတယ်။
မူရင်းပုဒ်မဟာ တိုင်းနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေခန့်အပ်တာကို သမ္မတက လွှတ်တော်တွေကို အသိပေးဖို့ ဖြစ်ပြီး ပြင်ဆင်ချက်ကတော့ ဝန်ကြီးချုပ်ကိုပဲ သမ္မတက ခန့်အပ်ပြီး ဝန်ကြီးတွေကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေက ခန့်အပ်ဖို့ ဖြစ်ပါတယ်။
အဆိုပါစာပုဒ် ကျန်နေခဲ့တာနဲ့ ပတ်သက်လို့ မနေ့က ပြည်ထောင်စုလွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက မိုက်မသုံးဘဲအော်ဟစ်ကန့်ကွက်ခဲ့ပါတယ်။
ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်ကတော့ ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်အတွင်း ဆွေးနွေးမှုတွေဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် ဂရုပြုကြဖို့ သတိပေးခဲ့ပြီး စာပုဒ်ကျန်နေခဲ့တာဟာလွှတ်တော်ရုံးရဲ့ လိုအပ်ချက်ရှိသွားလို့ဖြစ်တဲ့အကြောင်းနဲ့ ဖြည့်စွက်ဆောင်ရွက်ပေးပါမယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။