Homeမြန်မာသတင်း
ကန်ကြီးထောင့်မြို့နယ်၌ မူလတန်းကျောင်းပြိုကျသဖြင့် ကျောင်းသားများ ရွှေ့ပြောင်းစာသင်နေရ
ကန်ကြီးထောင့်မြို့နယ်၌ မူလတန်းကျောင်းပြိုကျသဖြင့် ကျောင်းသားများ ရွှေ့ပြောင်းစာသင်နေရ
DVB
·
February 26, 2020
ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ပေါ်တော်မူကျေးရွာမှာရှိတဲ့ မူလတန်းကျောင်း ဖေဖော်ဝါရီ ၂၃ ရက်ညပိုင်းက ပြိုကျခဲ့လို့ ကျောင်းသားကျောင်းသူတွေကို နေရာရွှေ့ပြောင်းစာသင်နေရပါတယ်။
ကန်ကြီးထောင့်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက "ဒီကျောင်းက ကျေးရွာလူထုက ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ် နီးပါးလောက်ကပေါ့ ကံကောင်းတာက ညဘက်မှာပြိုတာကြောင့်ပဲ၊ အခန်း သုံးခန်းရှိတဲ့အထဲက တစ်ခန်းကသစ်သားတွေ ခြစားပြီးပြိုကျသွားတာ တခြားကျောင်းဆောင်လည်းမရှိတော့ အနီးနားက ဘုရားရှိခိုးကျောင်းမှာ စာမေးပွဲဖြေဆိုဖို့နဲ့ ပညာသင်ဖို့ဆောင်ရွက်ပေးထားပါတယ်"လို့ ပြောပါတယ်။
ပြိုကျသွားခဲ့တဲ့ မူလတန်းကျောင်းအနီးက ခရစ်ယာန် ဘုရားရှိခိုးကျောင်းအတွင်း ကျောင်းသားကျောင်းသူတွေ ပညာသင်ကြားဖို့နဲ့ စာမေးပွဲဖြေနိုင်ဖို့အတွက် မြို့နယ်ပညာရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျေးရွာတာ ဝန်ရှိသူတွေက ပူးပေါင်းစီစဉ်ပေးထားတာပါ။
တိုင်းဒေသကြီးပညာ ရေးမှူးရုံးက စီမံ/ဘဏ္ဍာညွှန်ကြားရေးမှူး ဦးဆန်းမြင့်ဦးက "အဲဒီကျောင်းမှာ တက်နေတဲ့ ကျောင်းသားကျောင်းသူက ၅၈ ဦးပဲရှိတယ်။ ဘုရားရှိခိုး ကျောင်းနဲ့လုပ်လောက်မှုရှိတယ်။ နောက်နှစ်မှာ ကျောင်းသားတိုးခဲ့ပြီး လုံလောက်မှုမရှိဘူးဆိုရင် ယာယီကျောင်း ဝါးကျောင်းဆောက်ပြီးသင်ကြားဖို့စီမံပေးသွားမှာပါ။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပေ ၆၀ × ၃၀ ကျောင်းဆောင်သစ်ကို ကျပ် ၃၂ ဒသမ၄ သန်းနဲ့ ဆောက်ဖို့ ခွင့်ပြုမိန့် ကျထားပြီးသားပါ။ အမြန်ဆုံးဆောက်လုပ်ပေးသွားမှာပါ"လို့ ဒီဗွီဘီကိုပြောပါတယ်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းပေါင်း ၃၈၂ ကျောင်း အသစ်တည်ဆောက်ဖို့ ခွင့်ပြုမိန့်ကျထားပြီးဖြစ်လို့ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောက်လုပ်နေတယ်လို့ တိုင်းပညာရေးမှူးရုံးက သိရပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ကလည်း ဧရာဝတီတိုင်း ညောင်တုန်းမြို့ အမှတ် ၂ ရပ်ကွက်က ကမ်းနားတာ အက်ကွဲပြီးသိသိသာသာနိမ့်ကျခဲ့လို့ အဆိုပါရပ်ကွက်ရှိ မူလတန်းကျောင်းက ကျောင်းသူ ကျောင်းသားတွေကို ဘေးလွတ်ကင်းရာ ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့စာသင် ကြားခဲ့ရပါတယ်။
မင်းထက်မုန်း (ပုသိမ်)