မန်စီးတီးမှ ဒီဘရိုင်း ထွက်ခွာမည်မဟုတ်ဟု ဘယ်လ်ဂျီယမ် နည်းပြပြော

ကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် မြှုပ်နှံထားဆဲ ဖြစ်ကာ အသင်းပြောင်းဖို့ စဉ်းစားသွားမှာ မဟုတ်ဘူးလို့ ဘယ်လ်ဂျီယမ်နည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပြောပါတယ်။ မကြာသေးခင်က မန်စီးတီးအသင်းကို ဘဏ္ဍာရေးဆိုင်ရာ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေအတွက် UEFA က ချန်ပီယံလိဂ် ဝင်ရောက်ခွင့် နှစ်နှစ် ပိတ်ပင်လိုက်ပါတယ်။ ဒီပိတ်ပင်မှုကြောင့် အသင်းမှာရှိတဲ့ ထိပ်တန်းကစားသမားတွေ ထွက်ခွာသွားနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းရဲ့ ဥရောပ အောင်မြင်မှု ရှားပါးနေတာကြောင့် အသင်းရဲ့ ကစားသမားတွေတင်မဟုတ်ဘဲ နည်းပြအဖွဲ့ဝင်တွေပါ ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။ ဒီအထဲမှာ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းလည်း ပါဝင်နေပြီးတော့ သူ့ကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေမှာ အပြိုင်အဆိုင် ဖော်ပြနေကြပါတယ်။  ဒါပေမဲ့ ဒီဘရိုင်းရဲ့ နိုင်ငံ့လက်ရွေးစင်အသင်း နည်းပြမာတီနက်ကတော့ ဒီဘရိုင်းဟာ မန်စီတီးအသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။  “ကယ်ဗင်ဒီဘရိုင်းက မန်စီတီးအသင်းရဲ့ စီမံကိန်းတွေအပေါ်မှာ မြှုပ်နှံထားသူပါ။ UEFA ရဲ့ ပိတ်ပင်မှုကြောင့် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ နှစ်နှစ်ဆိုတာတော့ တကယ်ကို ကြာမြင့်တဲ့ အချိန်ပါ။ ဒါပေမဲ့ ဒီပိတ်ပင်မှုကြောင့် အသင်းက ကစားသမားတွေ သူတို့အနာဂတ်ကို စတင်စဉ်းစားနေကြပြီလို့တော့ ကျနော်တို့ မထင်ပါဘူး။ ကျနော့်စိတ်ထင် ပြောရရင် မန်စီးတီး ကစားသမားတွေဟာ ဒီရာသီ ပြီးဆုံးချိန်ရောက်မှ သူတို့ရဲ့အနာဂတ်ကို စတင်စဉ်းစားကြပါလိမ့်မယ်” လို့ ဘယ်လ်ဂျီယမ် လက်ရွေးစင်အသင်းနည်းပြ မာတီနက်က BeIN Sprots သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ UEFA ရဲ့ ပိတ်ပင်မှုကြောင့် ကိုယ်တိုင် အနာဂတ်အတွက် မေးခွန်းထုတ်ခံထားရပေမယ့် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကတော့ အသင်းကစားသမားတွေအနေနဲ့ စာချုပ်တွေကို လေးစားကြဖို့ တိုက်တွန်းထားပါတယ်။  “ကျနော့် ကစားသမားတွေရဲ့ သဘောထားကို ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။ သူတို့ဟာ ဒီသဘောထားကို နှစ်ပေါင်းများစွာ ပြသထားခဲ့ပြီးတော့ ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ရာသီကုန်ရင် ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ဘူးပေါ့” လို့ ဂွါဒီယိုလာက ပြောပါတယ်။  မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို စွန့်လွှတ်ရဖို့ သေချာသလောက် ရှိနေပြီဖြစ်ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံနေကာ ကာရာဘောင်းဖလားကိုတော့ အက်စတွန်ဗီလာအသင်းနဲ့ ဗိုလ်လုရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up