Home
မြန်မာသတင်း
အခွန်အခများကို ဖုန်းဖြင့်ပေးချေသည့်စနစ်သစ် စတင်မည်ဟု မန္တလေးမြို့တော်ဝန် ကြေညာ
ပိုင်စိုး
·
February 25, 2020
စမတ်စီးတီးဆုရရှိထားတဲ့  မန္တလေးမြို့မှာ မြို့သူမြို့သားတွေအနေနဲ့  အခွန်အခပေးဆောင်တာတွေ၊ ဈေးဝယ်တာတွေကို ဖုန်းကနေ ငွေပေးချေနိုင်မယ့် စနစ်မကြာခင် စတင်တော့မယ်လို့ မန္တလေးမြို့တော်ဝန်က ကြေညာပါတယ်။ စည်ပင်ရဲ့ အကြီးမားဆုံးခြေလှမ်းဆိုပြီး မြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်စ်ကနေ ရေးသား ဖော်ပြ လိုက်တာပါ။ ဖုန်းနဲ့ ငွေပေးချေနိုင်မယ့် Mandalay Smart Pay (MSP Wallet)ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ရတနာပုံဘဏ်နဲ့ 2C2P Co.Ltd တို့ ပူးပေါင်း အကောင်အထည် ဖော်ပြီး လာမယ့် မတ် ၁၄ ရက်မှာ စတင်မိတ်ဆက်မယ်လို့ ဆိုပါတယ်။ ဒီစနစ်ကိုထောက်ပံ့တဲ့ကုမ္ပဏီက အခမဲ့ကူညီတာ ဖြစ်သလို သုံးစွဲသူတွေအားလုံးအတွက် လည်း အခကြေးငွေဖြတ်တောက်တာ လုံးဝမရှိဘူးလို့ ဆိုပါတယ်။ လောလောဆယ် အိမ်ခွန်၊ မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်သိမ်းဆည်းခတွေကို ဘီလ် လာဝေတဲ့သူကို mobile transfer နဲ့ပေးလို့ရပြီလို့ မြို့တော်ဝန်က ဆိုပြီး နောက် ၂ လအတွင်း QR code ပါတဲ့ ဘီလ်တွေ ထုတ်ပေးနိုင်တော့မှာဖြစ်လို့ ဘီလ်မှာပါတဲ့ QR code ကို scan လုပ်ပြီး အချိန်မရွေး ၂၄ နာရီ ပေးချေနိုင်တော့မယ်လို့ ဆိုပါတယ်။ အကောင့်ထဲကို ငွေဖြည့်ဖို့အတွက် အခွန်ကောက်ဝန်ထမ်းကတဆင့် ငွေဖြည့်နိုင်ဖို့ စီစဉ်ထားသလို အကောင့် မရှိသူတွေအနေနဲ့လည်း အဲဒီဝန်ထမ်းဆီမှာ အကောင့်ဖွင့်တာကို လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ပြီးတော့ စည်ပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေ၊ AYA ဘဏ်ခွဲအားလုံး၊ ရတနာပုံဘဏ်၊ convenient stores တွေမှာလည်း လုပ်လို့ရမှာဖြစ်ပြီး စတင်လည်ပတ်ပြီးရင်တော့ တခြားဘဏ်တွေ နဲ့လည်း ချိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်စုံဆိုင်တွေနဲ့ လမ်းဘေးဆိုင်တွေမှာပါ ငွေဖြည့်လို့ ရနိုင်ရေး ဆက်ကြိုးစားနေပြီး Game card တွေ၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေကိုလည်း MSP ကနေ ပေးချေနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒီအကောင့်ကနေ ငွေလွှဲ ငွေထုတ်ရာမှာတော့ တကြိမ်မှာ ကျပ် ၅ သိန်းအထိ၊ တရက်မှာ ၃ ကြိမ်လွှဲနိုင်ပြီး ၁၀ သိန်းအထိ လွှဲလို့ ထုတ်လို့ရမှာ ဖြစ်ပါတယ်။ ပြီးတော့ Convenient stores တွေ၊ Supermarket တွေကအစ လမ်းဘေးကုန်စုံဆိုင်တွေ၊ ဆေးဆိုင်တွေအဆုံး သုံးလို့ရနိုင်ဖို့အထိပါ စီစဉ်နေပြီး လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင် ဈေးတွေ အထိပါ အသုံးပြုကြဖို့လည်း မြို့တော်ဝန်က တိုက်တွန်းလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024