Homeမြန်မာသတင်း
ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး RCSS ဆောင်ရွက်သွားမည်
ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး RCSS ဆောင်ရွက်သွားမည်
နန်းမြနဒီ
·
February 25, 2020
၂ နှစ်ကျော် ရပ်နားထားခဲ့ရတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးကျင်းပသွားနိုင်ဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA က ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
RCSS ရဲ့ ၂၀ ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကို ဌာနချုပ်လွိုင်တိုင်းလျန်းမှာ ဖေဖော်ဝါရီ ၂၁ ကနေ ၂၄ ရက်အထိ ကျင်းပပြီး အစည်းအဝေးဆုံးဖြတ်ချက်တွေ ထုတ်ပြန် ကြေညာလိုက်တာပါ။
ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုထ္ထအစည်းအဝေးကို သတ်မှတ်ထားတဲ့ အချိန်ကာလထဲမှာ ကျင်းပနိုင်ဖို့နဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလတုန်းက ရှမ်းပြည်နယ်မြို့တော် တောင်ကြီး ဒါမှမဟုတ် ပင်လုံမြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ကြပေမယ့်လည်း မြန်မာ့တပ်မတော်ဘက်က သဘောမတူတဲ့အတွက် မလုပ်ဖြစ်ခဲ့ပါဘူး။
အဆိုပါဆွေးနွေးပွဲကို ဦးဆောင်မယ့်အဖွဲ့အစည်းဟာ RCSS/SSA ဖြစ်တဲ့အတွက် တောင်ကြီးမှာလုပ်ဖို့ သဘောမတူဘဲ RCSS/SSA နယ်မြေ သံလွင်မြစ်အရှေ့ဘက်ကမ်း မိုင်းပန်မြို့မှာ ကျင်းပဖို့ မြန်မာ့တပ်မတော်ဘက်က ပြောခဲ့ပါတယ်။
အဆိုပါဒေသဟာ ဝေးလံပြီး သွားရေးလာရေးနဲ့ အစည်းအဝေးကျင်းပဖို့ နေရာအခက်အခဲ တွေရှိလို့ အဆင်မပြေကြောင်း ရှမ်းအဖွဲ့အစည်းဘက်က တုံ့ပြန်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လင်းခေးမြို့မှာလုပ်ဖို့ ဝင်ရောက်ညှိနှိုင်းပေးခဲ့ပါတယ်။
ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပဖို့ ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို ၁၄ မြို့နယ်မှာ ပြုလုပ်ဖို့ စီစဉ်ထားပေးမယ့် ပင်လုံ၊ ကျောက်မဲ၊ ကာလိနဲ့ တာချီလိတ် တွေ့ဆုံပွဲတွေမှာ နယ်မြေခံ တပ်မတော်ဘက်က လာရောက်ဟန့်တားတာကို ခံခဲ့ရပါတယ်။