ဟောလိဝုဒ်ရုပ်ရှင် ထုတ်လုပ်သူဟောင်း ဝိန်းစတိန်း ပြစ်မှုထင်ရှားကြောင်း တရားရုံး ဆုံးဖြတ်

Reuters
#MeToo လှုပ်ရှားမှုအတွက် သမိုင်းမှတ်တိုင်စီရင်ချက်အဖြစ် ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေးဝိန်းစတိန်းကို လိင်ပိုင်းစော်ကားမှုနဲ့  အဓမ္မပြုကျင့်မှုတို့မှာ ပြစ်မှုထင်ရှားကြောင်း နယူးယောက် တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ထုတ်လုပ်သူလက်ထောက်ဟောင်း မီမီဟာလေးကို လိင်ပိုင်းစော်ကားမှုနဲ့ ၂၀၁၃ ခုနှစ်မှာ ရုပ်ရှင်သရုပ်ဆောင် ဂျက်ဆီကာမန်းကို အဓမ္မပြုကျင့်မှုတို့မှာ  ဝိန်းစတိန်း ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။  ဒီလို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်လိုက်တဲ့အတွက် သြဇာအကြီးဆုံး ရုပ်ရှင်ထုတ်လုပ်သူတွေထဲက တဦးဖြစ်တဲ့ ဝိန်းစတိန်းဟာ ထောင်ဒဏ် ၂၅ နှစ်အထိ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ တသက်တကျွန်းအထိ ပြစ်ဒဏ်ကျနိုင်တဲ့ ကြီးမားတဲ့ စွဲချက်တွေအတွက်တော့ နယူးယောက် တရားရုံးက ဝိန်းစတိန်းကို တရားသေ လွှတ်ခဲ့ပါတယ်။ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီးနောက်မှာ တရားသူကြီး ဂျိမ်းစ်ဘာ့ခ်က ဝိန်းစတိန်းကို ထိန်းသိမ်းဖို့ ညွှန်ကြားခဲ့ပြီး တရားရုံးရဲတွေက ဝိန်းစတိန်းကို လက်ထိတ်ခတ်ခဲ့ပါတယ်။  ဝိန်းစတိန်းအတွက် ပြစ်ဒဏ်ကို မတ် ၁၁ ရက်မှာ ချမှတ်သွားမှာ ဖြစ်ပြီး တရားရုံး ဆုံးဖြတ်ချက်အပြီးမှာ ရင်ဘတ်အောင့်တဲ့ ဝေဒနာကြောင့် အသက် ၆၇ နှစ်ရွယ် ဝိန်းစတိန်းကို ဘယ်ဗျူးဆေးရုံဆီ ပို့ဆောင်ခဲ့ရပါတယ်။

More News
Up