Homeမြန်မာသတင်း
၂၀၂၀ နှစ်ဆန်းပိုင်းတွင် နိုင်ငံတဝန်း အကြိမ်ပေါင်း ၄၅၀ နီးပါးမီးလောင်၊ လူ ၂၈ ဦး သေဆုံး
၂၀၂၀ နှစ်ဆန်းပိုင်းတွင် နိုင်ငံတဝန်း အကြိမ်ပေါင်း ၄၅၀ နီးပါးမီးလောင်၊ လူ ၂၈ ဦး သေဆုံး
သူဇာလင်း
·
February 25, 2020
၂၀၂၀ ပြည့်နှစ်ရဲ့ ပထမနှစ်လအတွင်းမှာ မြန်မာတစ်နိုင်ငံလုံးမှာ မီးလောင်မှုအကြိမ်ပေါင်း ၄၅၀ နီးပါးဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈ ယောက်ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မီးလောင်မှု အကြိမ်ပေါင်း ၄၃၉ ကြိမ် ဖြစ်ပွားခဲ့တာပါ။
အဲဒီအထဲမှာတေ့ မန္တလေးရတနာပုံဈေး sky walk မီးလောင်မှုက အကြီးမားဆုံး ဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကပြောပါတယ်။
ဒါ့အပြင် အဲဒီမီးလောင်မှုတွေကြောင့် မီးဘေးဒုက္ခသည်အယောက် ၁၂၀၀ နီးပါးရှိခဲ့ပါတယ်။ သေဆုံးသူကတော့ ၂၈ ယောက်နဲ့ ဒဏ်ရာရရှိတဲ့ သူက ၄၇ ယောက်ရှိခဲ့ပါတယ်။
မီးလောင်မှုတွေမှာ မန္တလေးတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ဒုတိယအများလောင်ကျွမ်းခဲ့တာပါ။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ခန့်မှန်းခြေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲနီးပါးရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တစ်နှစ်လုံးမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ မီးလောင်မှု အကြိမ်ပေါင်း ၂၀၀၀ နီးပါး ရှိခဲ့ပြီး ဆုံးရှုံးမှုကခန့်မှန်းခြေ သိန်း ၃ သောင်းကျော် ရှိခဲ့ပါတယ်။