၁၃ နှစ်ကြာ ပိတ်သိမ်းထားတဲ့ ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးဦးမှာ မဟုတ်သေးဘူးလို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ လူထုနဲ့ တွေ့ဆုံတုန်း ဒေသခံတွေက ဘုရားသုံးဆူဂိတ်ကို ပြန်ဖွင့်ပေးဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ တင်ပြတောင်းဆိုခဲ့တာပါ။
ဒီဘုရားသုံးဆူ ဂိတ်ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် အငြင်းပွားမှုကြောင့် ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်း ပိတ်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေက ကုန်သွယ်ရေးနဲ့ စားဝတ်နေရေး အဆင်ပြေလာစေဖို့အတွက် ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဖွင့်လှစ်ပေးဖို့ လိုလားနေကြတာပါ။
ဒါပေမယ့်လည်း ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ဖွင့်လှစ်ခွင့်မပေးတာဟာ ပြည်သူတွေကို အခက်အခဲ ဖြစ်စေချင်လို့ မဟုတ်ဘဲ နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်အောင်နဲ့ ပြည်သူတွေ ဒုက္ခမရောက်အောင် ရည်ရွယ်လုပ်ဆောင်နေရတာ ဖြစ်တယ်လို့ အတိုင်ပင်ခံက ပြောပါတယ်။