Live
Home
မြန်မာသတင်း
ရွှေ့ပြောင်းနေထိုင်သူများ၏ မဲပေးပိုင်ခွင့် ရက် ၉၀ သတ်မှတ်ချက် ဒေသခံများ ထိခိုက်နိုင်ဟု ၁၄ ပါတီထုတ်ပြန် 
နော်နိုရင်း
·
February 25, 2020
ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဆန္ဒမဲပေးခွင့်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ နည်းဥပဒေမှာ ရက်ပေါင်း ၁၈၀ ကနေ ရက်ပေါင်း ၉၀ လို့  ပြင်ဆင်လိုက်တာဟာ ဒေသခံ တိုင်းရင်းသားတွေအတွက် များစွာထိခိုက်နစ်နာနိုင်တယ်လို့ နိုင်ငံရေးပါတီ ၁၄ ခုက ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲနည်းဥပဒေတွေကို ပဉ္စမအကြိမ် ပြင်ဆင်တဲ့ နည်းဥပဒေတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ မဲပေးခွင့်ကို အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်းဆိုတဲ့ သတ်မှတ်ချက်အစား အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်းလို့ အစားထိုးပြင်ဆင်ပြီး ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကမှ အတည်ပြုထားပါတယ်။ ဒီလိုပြင်ဆင်လိုက်တာဟာ နိုင်ငံသားတွေအားလုံးရဲ့ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကြေညာချက် ပူးတွဲထုတ်ပြန်တဲ့ ၁၄ ပါတီကတော့ မဲဆန္ဒနယ်မှာ အိမ်ထောင်စုစာရင်း မရှိတဲ့သူတွေ မဲစာရင်းမှာထည့်သွင်းဖို့ အဆိုပါဒေသမှာ ရက်ပေါင်း ၉၀ ကျော် နေထိုင်ကြောင်းကို မည်သည့်အချက်နဲ့ အခိုင်အမာ အတည်ပြုမလဲဆိုတဲ့ အချက်ဟာ အလွန်တရာ အငြင်းပွားဖွယ် ဖြစ်လာမယ်လို့ ဆိုပါတယ်။ နေရာတခုမှာ ရက်ပေါင်း ၉၀ ကျော် နေထိုင်တယ်ဆိုရုံနဲ့ အဆိုပါဒေသရဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးခွင့်ရတာဟာ မူရင်းဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒတွေကို ထိခိုက်စေမှာ ဖြစ်တဲ့အပြင် မူလဒေသခံတွေရဲ့ဆန္ဒကို ဝင်ရောက်စွက်ဖက်နိုင်ခွင့်ပေးလိုက်သလို ဖြစ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရသူ ဦးငွေလင်းက “အဓိကကတော့ တိုင်းရင်းသားဒေသတွေက မဲဆန္ဒရှင် နည်းတယ်လေ။ နည်းတဲ့အချိန်မှာ ရွှေ့ပြောင်းအလုပ်သမားတွေက ထုလိုက်ထည်လိုက်နဲ့ အများကြီး သူတို့ဆီမှာ ရောက်နေတယ်ဆိုရင် အဲဒီအများကြီးက ၃ လ လောက်ပဲ နေရုံမျှနဲ့ အဲဒီဒေသရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ်ဆိုရင် ဒေသခံအနည်းစုကို ရွှေ့ပြောင်းလုပ်သားအများစုက လွှမ်းမိုးသွားမှာ စိုးရိမ်ကြတယ်။ အင်အားနည်းနေတဲ့ ဒေသခံတွေရဲ့ ဆန္ဒသဘောထားကို ဘာမသိညာမသိ ၃ လတည်းနဲ့ လာနေပြီးတော့မှ ဒေသရဲ့အဆုံးအဖြတ်ကို သူတို့ကပဲ ဆုံးဖြတ်သွားသလို ဖြစ်နေတယ်။ ဒါလည်း မသင့်တော်ဘူး။ ဒါကို ကော်မရှင်အနေနဲ့ ထည့်သွင်းစဉ်းစားသင့်တယ်” လို့ ပြောပါတယ်။  မူလပြဋ္ဌာန်းချက် ရက်ပေါင်း ၁၈၀ ထက်မနည်းဆိုတဲ့ အချက်ဟာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတွေအားလုံးမှာ တစုံတရာ ပြဿနာပေါ်ပေါက်ခဲ့ခြင်း မရှိတဲ့အတွက် ပြင်ဆင်ဖို့ မလိုအပ်တဲ့အပြင် မဲပေးလိုတဲ့ မည်သည့်မဲဆန္ဒရှင်မဆို မဲပေးခွင့်ဆုံးရှုံးစေဖို့ အနှောင့်အယှက် မဖြစ်ခဲ့ကြောင်းလည်း ထောက်ပြထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ မြန်မာနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေ အားလုံးရဲ့ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးရအောင် မဲပေးခွင့်ရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ သက်တမ်းကို ရွေးကောက်ပွဲနည်းဥပဒေမှာ ရက်ပေါင်း ၁၈၀ အစား တဝက်လျှော့ချပြီး ရက် ၉၀ ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။   ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက   မြန်မာနိုင်ငံအတွင်းက ရွှေ့ပြောင်းနေထိုင်သူတွေရော  သန်းနဲ့ချီတဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေပါ  ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရဖူးပါတယ်။  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပွင့်လင်းမြင်သာပြီး အများယုံကြည်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင် စံ ၅ ချက်နဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ စိုးရိမ်စရာ မလိုဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုထားပါတယ်။  ပူးတွဲသဘောထားထုတ်ပြန်တဲ့ ၁၄ ပါတီထဲမှာ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၊ ကယန်း၊ ဇိုမီး၊ ခူမီး (ခမီး)၊ မြို၊ ဒိုင်းနက်၊ ဓနု၊  ကိုးကန့်နဲ့ ရှမ်းနီတိုင်းရင်းသားပါတီတွေနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024