ရန်ကုန်တွင် ရခိုင်အရေးဆန္ဒပြသူများကို အမှုဖွင့်
DVB
·
February 24, 2020
ရခိုင်ပြည်နယ်ထဲမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ၊ ကျောင်းပေါ်ကို လက်နက်ကြီး ကျတာ စတာတွေ ဖြေရှင်းပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့သူတွေကို ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက ကမာရွတ်ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။
ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး ဖေဖော်ဝါရီ ၂၃ ရက်ညနေပိုင်းက ဆင်ရေတွင်း မှတ်တိုင်ကနေ လှည်းတန်းစင်တာအထိ ချီတက် ဆန္ဒပြခဲ့ကြတာပါ။
ဒီထဲက ဦးဆောင်ပါဝင်သူ ၉ ယောက်ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ ကမာရွတ်မြို့မရဲစခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
“လောလောဆယ်တော့ ၆ ယောက်ကို စစ်ဆေး မှတ်တမ်းယူနေပါတယ်။ ကျန်တဲ့ ၃ ယောက်ကို ဆက်သွယ်နိုင်ဖို့ သူတို့ကို အကူအညီတောင်းထားပါတယ်။ ဒါပေမယ့် ခရီးလွန်နေတယ် လို့ သိရပါတယ်။”
ကျောင်းသားသမ္ဂတွေ စုပေါင်းပြီး အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချတာကို ချက်ချင်းရပ်တန့်ဖို့၊ မူလတန်းကျောင်းပေါ် လက်နက်ကြီးကျည်ကျတာအတွက် တာဝန်ယူ၊ တာဝန်ခံမှု ချက်ချင်းပေးဖို့၊ ရခိုင်ပြည်နယ်ထဲကို ပြည်တွင်းပြည်ပ မီဒီယာတွေ သတင်းရယူခွင့်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကင်းပညာရေး ကောလိပ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပါဝင် ဆန္ဒပြခဲ့ကြတာပါ။
ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ဟာ အဲဒီ အချက်တွေ နဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ မနေ့က သဘောထားကြေညာချက် ပူးပေါင်းထုတ်ပြန်ခဲ့ပါသေးတယ်။