မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးအတွက် ထိုင်းလွှတ်တော်ရုံးကို တင်ပြမည်
DVB
·
February 24, 2020
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေ ပိုမိုရရှိဖို့အတွက် ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော်ရုံးကို တင်ပြဆောင်ရွက်သွားမယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအဖွဲ့ (MMLG) က ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် တာခ်ရိုင်အတွင်းရှိ မြို့နယ် ၅ ခုက လုပ်ငန်းခွင်တွေမှာ အလုပ် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူမှုဘဝမြှင့်တင်ရေးနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ထိုင်းလွှတ်တော်ကို တင်ပြနိုင်ဖို့ (MMLG) အဖွဲ့ကနေ ကြိုးပမ်းဆောင်ရွက်နေတာပါ။
ဒီအတွက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအဖွဲ့ကနေ ကြီးမှူးပြီးတော့ မဲဆောက်မြို့မှာ ဖေဖော်ဝါရီ ၂၃ ရက်က အလုပ်သမားတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ကျင်းပသွားပါတယ်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားများအဖွဲ့ (MMLG) တာဝန်ခံ နိုင်းစုံဖုန်းစပ်ယောက်က “ဒီကနေ့ဆိုရင် ထိုင်းမှာရှိနေတဲ့ အကျိုးတော်ဆောင်များ၊ အလုပ်သမားအရေး တာဝန်ရှိသူများအနေနဲ့ ထိုင်းအမျိုးသားလွှတ်တော်တာဝန်ရှိသူတွေ နားထဲမှာ ကြားသိနိုင်ရေးအတွက် ကျနော်တို့အဖွဲ့ကနေပြီး တင်ပြသွားမယ်။ အဆင်ပြေနိုင်ရေးအတွက်ကိုလည်း သူတို့နဲ့ ပူးပေါင်းလက်တွဲဆွေးနွေးသွားမှာဖြစ်ပြီး အခုလို တင်ပြလာတဲ့ မိမိအခွင့်အရေးတွေကို အတတ်နိုင်ဆုံးနဲ့ အမြန်းဆုံး အဆင်ပြေနိုင်ရေးအတွက်ကို ကြိုးစားသွားမယ်” လို့ ပြောပါတယ်။
ထိုင်းတနိုင်ငံလုံးမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးတန်းတူ ရှိနေပေမယ့် တချို့အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကတော့ ပုံစံအမျိုးမျိုးနဲ့ ချိုးဖောက်ခံနေရဆဲပဲလို့ ရခိုင်အလုပ်သမားများအဖွဲ့က ကိုအောင်အောင်က ပြောပါတယ်။
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ၄ သန်းလောက် အလုပ်လုပ်ကိုင်နေကြပြီး လုပ်ငန်းရှင်တွေက လုပ်ခလစာ အပြည့်အဝမပေးတဲ့ ပြဿနာတွေလည်း ရှိနေဆဲပဲလို့ သိရပါတယ်။
စိုးချစ်ပိုင်