အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်  လူ ၈ ဦးသေဆုံး၊ ၄၃ ဦး ကူးစက်ခံထားရ

Reuters
အီရန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်လို့ လူ ၈ ယောက် သေဆုံးပြီး တနင်္ဂနွေနေ့အထိ လူ ၄၃ ယောက် ကူးစက်ခံခဲ့ရပြီလို့ အီရန်အစိုးရက ကြေညာလိုက်ပါတယ်။  အခုဆို နိုင်ငံတွင်းမှာတော့  ပြည်သူတွေ တုန်လှုပ်ချောက်ချားနေပြီး ဆေးဆိုင်တချို့မှာ ကူးစက်ရောဂါထိန်းချုပ်ရေး ထုတ်ကုန်တွေ ပြတ်တောက်ကုန်ပါတယ်။  ဗုဒ္ဓဟူးနေ့က မြို့တော်တီရန်ရဲ့ တောင်ဘက် ကီလို ၁၂၀ အကွာက ကွန်းမ်မြို့မှာ ကူးစက်မှုကို ပထမဆုံး ကြေညာအပြီး တခြားမြို့ အတော်များများဆီကို ဗိုင်းရပ်စ်သစ် ကူးစက်ခဲ့တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုပါတယ်။  အစိုးရက ကြေညာတဲ့ အသစ်ကူးစက်ခံရသူ အရေအတွက်ကို ကျယ်ကျယ်ပြန့်ပြန့် သံသယ ရှိနေကြပါတယ်။  အစိုးရက အကြီးစားတုံ့ပြန်ဖို့ ပြင်ဆင်နေပေမယ့် အီရန်ရဲ့ နဂိုတည်းက အားနည်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြောင့် လွယ်မှာမဟုတ်ဘူးလို့ မီဒီယာတွေက သုံးသပ်ပါတယ်။  ရောဂါ ကူးစက်မှု စတင်တွေ့ရှိရာ ကွန်းမ်မြို့အပါအဝင် မြို့ ၂ မြို့မှာ ကျောင်းတွေကို တနင်္ဂနွေနေ့က စပြီး ပိတ်ထားမယ်လို့ အစိုးရက ကြေညာပါတယ်။  အဲရ်ကူဝိတ် လေကြောင်းလိုင်းနဲ့ အီရာကီအဲဝေးစ် လေကြောင်းလိုင်းတွေကလည်း အီရန် နိုင်ငံအတွင်း အဝင်အထွက် လေကြောင်းခရီးစဉ် အားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။ ကျန်တဲ့လေကြောင်းခရီးစဉ် နည်းနည်းအတွက် စစ်ဆေးရေးလုပ်ဆောင်ချက်တွေကို အီရတ်အစိုးရက အကောင်အထည်ဖော် ကြပ်မတ်နေပြီး မြေပြင်ကနေ နယ်စပ်ဖြတ်ကူးမှုတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။  တူရကီအစိုးရကလည်း အီရန်နယ်စပ်ကို ဖေဖော်ဝါရီ ၂၃ ရက်က စပြီး ပိတ်ပစ်ခဲ့ပါတယ်။ အဝေးပြေးလမ်း အားလုံးနဲ့ ရထားလမ်းတွေကို ညနေ ငါးနာရီက စပိတ်ခဲ့ပြီး အီရန်နဲ့ လေကြောင်းခရီးစဉ် အားလုံးကိုလည်း ဆိုင်းငံ့ခဲ့တယ်လို့ တူရကီကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ပါကစ္စတန်အစိုးရကလည်း တူရကီနဲ့ နယ်စပ်က တပ်ဖှ်တန်နယ်စပ်ကို ဖေဖော်ဝါရီ ၂၃ ရက်က စပြီး ပိတ်ပစ်ခဲ့ ပါတယ်။  ပါကစ္စတန်ကနေ အီရန်ကို ဘုရားဖူးသွားသူတွေဟာ ဒီနယ်စပ်ကို အကြီးအကျယ် သုံးကြတာပါ။ ဒါပေမယ့် အီရန်ကို အသွားအပြန် လေကြောင်းခရီးစဉ်တွေကိုတော့ မဆိုင်းငံ့ထားဘူးလို့ ပါကစ္စတန်အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ ဒီနေ့မွန်းလွဲပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုးနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၉၅၆၆၊ သေဆုံးသူ အယောက် ၂၆၂၀ နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၅၁၀၈ ဦး ရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up