ကလေးမြို့ သစ်စက်တခုတွင် ခြိမ်းခြောက်ငွေတောင်းမှု ဖြစ်ပွား
DVB
·
February 24, 2020
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက် ကျန်စစ်သားလမ်းမှာ ဖေဖော်ဝါရီ ၂၃ ရက်က လူတစုက ခြိမ်းခြောက် ငွေတောင်းခံမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့ မွန်းလွဲပိုင်းမှာ မင်းမင်းဦးပါ လူတစုဟာ ပါဂျဲရိုးကားနဲ့လာရောက်ပြီး သစ်စက်တွင်းဝင်ရောက်ကာ ဗွီဒီယိုရိုက်ပြီး ငွေ ၁၅ သိန်းပေးဖို့ ခြိမ်းခြောက်ငွေတောင်းခဲ့တာပါ။
သစ်စက်လုပ်ငန်းရှင်တဦးက “သစ်စက်ထဲ ခွင့်မတောင်းပဲ ၀င်တယ်။ ဓာတ်ပုံတွေရိုက်တယ်။ သစ်စက်က တရား၀င် လုပ်တာဆိုတော့ ငွေမပေးနိုင်ဘူး။ အဲ့ဒါ ငြင်းတော့ အဲ့လူတွေက အပြင် လက်ဖက်ရည်ဆိုင် ခေါ်တယ်။ ငွေ ၁၅ သိန်း တောင်းခဲ့ရာကနေ ထိုးကြိတ် ခိုက်ရန်ဖြစ်ခဲ့တယ်။” လို့ ပြောပါတယ်။
ခုလို ဖြစ်ပွားပြီးနောက် အဲ့ဒီလူတစ်စုဟာ အခင်းဖြစ်ရာကနေ ထွက်ပြေးခဲ့ကြတာကြောင့် သူတို့စီးလာတဲ့ ကားပေါ် သက်ဆိုင်ရာက စစ်ဆေးတဲ့အခါ အလှူငွေဖြတ်ပိုင်တွေ၊ မင်းမင်းဦးအမည်ပါ မူခင်း သတင်းထောက်ကတ်တွေ၊ သတင်းအေဂျင်စီ တံဆိပ်တွေ၊ အလှူငွေစာရွက်စာတန်းတွေ၊ ရဲတပ်ဖွဲ့သုံး လက်ထိတ်၊ ဘတ်ခွတွေ၊ ဓာတ်မီး၊ ကင်မရာတွေ သိမ်းဆည်းရရှိမိတယ်လို့ အထက်ချင်းတွင်း လူငယ်ကွန်ရက်တာ၀န်ရှိတဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်ရာကို ရောက်ရှိလာပြီး စစ်ဆေးခဲ့ရာ ငွေတောင်းသူတွေမှာ သုံးဦးဖြစ်ပြီး မှုခင်းသတင်းထောက် မင်းမင်းဦး၊ ကိုနေ၀င်းနဲ့ အောင်အောင်တို့ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ သုံးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၈၄/၁၁၄ တို့နဲ့ တရားလို ဦးတင်ခန့်က အမှုဖွင့်ထားပြီး ကလေးယာဉ်ထိန်းတပ်ဖွဲ့ကလည်း လိုင်စင်မဲ့ယာဉ်ဖြစ်တာကြောင့် သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၈ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်