တိုင်းရင်းသားဒေသတွင် ကျန်းမာရေး လုပ်ငန်းများ ဆက်လုပ်မည်
DVB
·
March 12, 2013
အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ပြည်နယ်နဲ့ ပြည်ထောင်စုကျန်းမာရေးစနစ်ကို တည်ဆောက်ပြီးတဲ့ အထိ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးဆိုင်ရာ ဆုံချက်ရနိုင်ရေး ဆောင်ရွက်မယ့် အစုအဖွဲ့ (အိတ်ခ်ျစီစီဂျီ) က ပြောပါတယ်။
ဆယ်စုနှစ်နဲ့ချီပြီး မြန်မာပြည်ရဲ့ ပဋိပက္ခဖြစ်စဉ်မှာ တိုင်းရင်သားလူထုနဲ့ အဖွဲ့တွေဟာ ပဋိပက္ခဖြစ်ရာ ဒေသတွေနဲ့ အစိုးရ ကျန်းမာရေးလက်လှမ်းမမီတဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ အဓိက ကျန်းမာရေးစောင့်ရှောက်သူတွေအဖြစ် ရပ်တည်ခဲ့ကြတာပါ။
အခုအခါ အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု (ယူအန်အက်ဖ်စီ) နဲ့ အစိုးရအကြား နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ထွန်းလာတာမှန်ပေမယ့် သူတို့အနေနဲ့ ဆက်လက်ပြီး ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ဦးမယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အိတ်ခ်ျစီစီဂျီ မှာ ရှမ်း၊ ကရင်၊ ကရင်နီ၊ မွန် ကျန်းမာရေးကော်မတီတွေနဲ့ မြန်မာနိုင်ငံဆေးပညာရှင်များ၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့၊ မယ်တော်ဆေးခန်းနဲ့ အမျိုးသားကျန်းမာရေးနဲ့ ပညာရေးကော်မတီတို့ စုဖွဲ့ပါဝင်ပါတယ်။
ဒီထုတ်ပြန်ချက် ထုတ်ပြန်ရတာနဲ့ ပတ်သက်ပြီးတော့ မွန် အမျိုးသား ကျန်မာရေးကော်မတီက နိုင်ချေးမွန်က အခုလို ပြောပါတယ်။
“ကျနော်တို့နိုင်ငံအနေအထားကတော့ ကျန်းမာရေးစနစ်ကိုလည်း လူတွေက အားရှိအောင်လုပ်ဖို့လိုတယ်။ အဓိကတော့ ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ကျန်းမာရေးစနစ်ကိုလည်း တည်ဆောက်ဖို့ လိုအပ်တာပေါ့။ ဒီစနစ်ကို နိုင်ငံရေးအရဆွေးနွေးတဲ့အခါမှာလည်း ယူအန်အက်ဖ်စီကလည်း ကျန်းမာရေးစနစ်ကို ထည့်သွင်းဆွေးနွေးသွားဖို့ အဲဒီသဘောနဲ့ ချဉ်းကပ်မှာပါ။”
လက်ရှိအချိန်ထိ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေဟာ ပဋိပက္ခ ဖြစ်တဲ့ နေရာတွေအထိ ရောက်ရှိ လက်လှမ်းမမီသေးဘူးလို့လည်း ဆိုပါတယ်။
အဲဒီအဖွဲ့က နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်ကျန်းမာရေးဌာနတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံတကာအလှူရှင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး မနှစ်က မေလမှာ ဖွဲ့စည်းခဲ့ပါတယ်။
အိတ်ခ်ျစီစီဂျီအဖွဲ့အနေနဲ့လည်း ဖက်ဒရယ် စနစ်ကို ဦးတည်တဲ့ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေးကို အထောက်အကူ ဖြစ်စေမယ့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနဲ့ ပတ်သတ်တဲ့ အခြေခံ လမ်းညွှန်ချက်တွေကို ချမှတ်ရေးဆွဲ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။