ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲ ၂ ရက်အတွင်း ကားအစီးရေ ၂၀၀ ကျော် ရောင်းချရ
DVB
·
February 23, 2020
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲမှာ ၂ ရက်အတွင်း ကားအစီးရေ ၂၀၀ ကျော် ရောင်းရခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို ဖေဖော်ဝါရီ ၂၁ နေ့ကနေ ၂၃ ရက်နေ့အထိ ရန်ကုန် ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပနေတာပါ။
အဲဒီပွဲမှာ ကားအမျိုးအစား ၁၅ ခုရဲ့ ကားတွေကိုပြသထားပြီး ပြပွဲ ၂ ရက်အတွင်း ကားအစီးရေ ၂၀၀ ကျော် ရောင်းရတယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲရဲ့ ဥက္ကဋ္ဌ Mr.Anothai Eamlumnow က ပြောပါတယ်။
“ဒီပွဲကို ကျင်းပရတာကတော့ မြန်မာနိုင်ငံ ကားဈေးကွက် ဖွံ့ဖြိုးတိုးတက်အောင် ကူညီဖို့ပါပဲ။ အစိုးရပေါ်လစီနဲ့ ကိုက်ညီတဲ့ ဘယ်မောင်းကားတွေကို လူတွေ သိလာအောင်၊ ကားသစ်တွေကို စီးလို့ရအောင် ရည်ရွယ်ပြီးတော့ ကျင်းပရတာပါ။ ပြီးခဲ့တဲ့နှစ်က ကားအမျိုးအစား ၆ ခု ပါတယ်။ ဒီနှစ်ကတော့ ၁၅ ခုထိ ပါဝင်လာတော့ ကားတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြရတယ်။ ဒါကြောင့် အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်က ကားအစီးရေ ၂၀၀ ကျော် ရောင်းရတယ်။ ဒီနေ့လည်း ၂၀၀ လောက် ရောင်းရမယ် ထင်ပါတယ်။ တိုရိုတာ၊ ဆူဇူကီးနဲ့ Brilliance အဲဒီအမျိုးအစားတွေကတော့ ပိုရောင်းရပါတယ်။”
ဒီပွဲမှာ ကားအပြင် ဆိုင်ကယ်တွေလည်း ပြသထားပြီး ရောင်းအားကောင်းလာတယ်လို့ ဆိုပါတယ်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကားပြပွဲကျင်းပတာ အခုဆိုရင် ဒုတိယအကြိမ် မြောက်ရှိပြီဖြစ်ပြီး အခုပြပွဲမှာ သတ်မှတ်ဈေးထက် လျော့ပေးတာတွေ၊ ကြိုတင်ပေးငွေ မလိုဘဲ အရစ်ကျ ရောင်းချတာတွေနဲ့ ကံစမ်းမဲဖောက်တာလည်း ပြုလုပ်ပေးနေပါတယ်။
ခင်ငြိမ်းချမ်း