ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရန် အင်တာ-ဆမ့်ဒိုးရီးယားပွဲစဉ် ရွှေ့ဆိုင်း

1.1K
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုအပေါ် ကြိုတင်ကာကွယ်မှုတခုအနေနဲ့ ဒီနေ့ ကစားမယ့် အင်တာမီလန်အသင်းနဲ့ ဆမ့်ဒိုးရီးယားအသင်းတို့ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လွမ်ဘာဒီနဲ့ ဗီနီတိုဒေသတွေမှာ လူနှစ်ဦး သေဆုံးခဲ့ရပြီးနောက် အခုလို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်နိုင်ငံမှာ စတင်တွေ့ရှိတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အီတလီအပါအဝင် နိုင်ငံတော်တော်များများကို ကူးစက်ပျံ့နှံ့နေတာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဗီနက်တိုက အသက် ၇၈ နှစ်အရွယ် အမျိုးသားတဦးနဲ့ လွမ်ဘာဒီတို့က အမျိုးသမီးတဦးတို့ သေဆုံးခဲ့ကြောင်း အီတလီ အာဏာပိုင်တွေက စနေနေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက် ထုတ်ပြီးနောက် အီတလီနိုင်ငံတွင်းက အားကစားပြိုင်ပွဲတွေကို ဖျက်သိမ်းခဲ့ကာ အဲဒီထဲ ဆန်စီရိုကွင်းမှာ ကစားမယ့် အင်တာမီလန်အသင်းရဲ့ ပွဲစဉ်လည်း ပါဝင်ပါတယ်။
“မနက်ဖြန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ လွမ်ဘာဒီနဲ့ ဗီနက်တိုတို့က အားကစားပြိုင်ပွဲတွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ အီတလီဝန်ကြီးချုပ် ဂူဆက်စပီကွန်တီက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
အင်တာ-ဆမ့်ဒိုးရီးယား ပွဲစဉ်အပြင် အတ္တလန္တာ-ဆက်ဆူအိုလို၊ ကတ်ဂလီယာရီနဲ့ ဗီရိုနာအသင်းတို့ရဲ့ ပွဲစဉ်တွေကိုလည်း ဖျက်သိမ်းဖို့ စီစဉ်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်သတင်းကြောင့် စနေနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ဘောလုံးပြိုင်ပွဲ ၈၈ ပွဲကို ဖျက်သိမ်းပြီး အဲဒီထဲမှာ စီးရီးစီနဲ့ စီးရီးဒီ ပွဲစဉ်တွေပါဝင်တယ်လို့ အီတလီ ANSA သတင်းအေဂျင်စီက ဖော်ပြပါတယ်။
ဒီလိုမျိုးပွဲစဉ်တွေကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ဘေးကင်းစွာ ဆောင်ရွက်ရေးအဖွဲ့ (GOS) က ချမှတ်ခဲ့တာဖြစ်ပြီး စီရီးဘီကလပ် အက်စ်ကိုလီနဲ့ ခရီမိုနီဆက်အသင်းတို့ရဲ့ ပွဲစဉ်တွေလည်း ပါဝင်နေပါတယ်။
ကူးစက်ပျံ့နှံ့မှု မြန်ဆန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ကဏ္ဍမျိုးစုံကို သက်ရောက်မှုတွေ ရှိလာခဲ့ပြီး အီတလီမတိုင်ခင် တရုတ်နိုင်ငံမှာလည်း လူစုလူဝေးဖြစ်စေမယ့် ဘောလုံးပွဲနဲ့ အားကစားပြိုင်ပွဲတွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။
တရုတ်ကလပ် ရှန်ဟိုင်း ရှင်ဟွာကနေ ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့ တိုက်စစ်မှူး အီဂါလိုဟာလည်း ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် အသင်းတသင်းလုံး စပိန်မြေမှာ သွားရောက်လေ့ကျင့်ချိန်မှာ အင်္ဂလန်မှာ တကိုယ်တည်း ကျန်ရစ်ခဲ့ရဖူးပါတယ်။
လက်ရှိအချိန်အထိ ကမ္ဘာတဝန်းလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၈၀၀၀၀ နီးပါး ရှိနေပြီး သေဆုံးသူ ၂၀၀၀ ကျာ်အထိ မြင့်တက်လာပါတယ်။