ရေးမြို့တွင် တရုတ်နိုင်ငံသား သေဆုံးမှု လေဖြတ်ရောဂါကြောင့်ဟု ကျန်းမာရေးဌာနအတည်ပြု
DVB
·
February 23, 2020
ရေးမြို့နယ်မှာ ငါးခြောက်လုပ်ငန်းလာရောက်လေ့လာတဲ့ တရုတ်နိုင်ငံသားဟာ ဦးနှောက်သွေးကြောပြတ်ပြီး လေဖြတ်ရောဂါကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ အတည်ပြုချက်အရ သိရတယ်လို့ မြို့နယ်ရဲမှူးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်မှုမြင့်နေချိန် ရေးမြို့နယ် ဆိပ်ကလေးကျေးရွာမှာ တရုတ်နိုင်ငံသား တယောက် ရုတ်တရက်လဲကျ သတိလစ်သေဆုံးတာနဲ့ပတ်သက်လို့ အခုလို အတည်ပြုပြောဆိုလိုက်တာပါ။
သူဟာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၀ နာရီက ငါးခြောက်လုပ်ငန်းကို လေ့လာနေတုန်း ရုတ်တရက် လဲကျသွားလို့ ကျေးရွာတာဝန်ရှိသူတွေက ရေးမြို့ပြည်သူ့ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပြီး မနက် ၁၁ နာရီ လောက် မှာ သေဆုံးသွားခဲ့ပါတယ်။
အပူချိန်မြင့်တာကြောင့် သွေးပေါင် ရုတ်တရက်တက်ပြီး ဦးနှောက်သွေးကြောပေါက်ကာ ရုတ်တရက် သတိလစ် သေဆုံးတာလို့ ရေးမြို့နယ်ပြည်သူ့ဆေးရုံက ပြောခဲ့သလို အဲဒီနေ့ညနေမှာပဲ မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနကို ပေးပို့စစ်ဆေးရာမှာလည်း သွေးတိုးရောဂါ မြင့်ပြီး ဦးနှောက်သွေးကြောပြတ် လေဖြတ်ရောဂါနဲ့ သေဆုံးတာဖြစ်ကြောင်း အတည်ပြုခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ည ၁၁ နာရီကျော်လောက်မှာ ရန်ကုန်ဆေးရုံကြီးကို ပေးပို့ပြီး ရင်ခွဲစစ်ဆေးရာမှလည်း အလားတူအဖြေမျိုး ထွက်ရှိခဲ့ပြီး သူ့ရဲ့ မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်ရထားပြီး ဖြစ်တယ်လို့ မြို့နယ်ရဲမှူးက ဆိုပါတယ်။
သေဆုံးသူဟာ ယူနန်ပြည်နယ် ရွှေလီမြို့နေ အသက် ၄၁ နှစ်အရွယ် TANG ZIUSHENG ဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်က ရန်ကုန်လေဆိပ်ကိုရောက်ရှိကာ မွန်ပြည်နယ် ရေးမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက ငါးခြောက်လုပ်ငန်းကို လာရောက် လေ့လာနေတာပါ။
နေမျိုးထွဋ်