Home
မြန်မာသတင်း
ကျောက်တော်တွင်ပစ်ခတ်မှုဖြစ်၊ အရပ်သား ၃ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
February 23, 2020
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်က ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဒီဗွီဘီကို ပြောဆိုပါတယ်။ ဒဏ်ရာရတဲ့ သုံးယောက်မှာ သားမိနှစ်ယောက်က ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တွေဆေးရုံကို အရေးပေါ် ယူဆောင်လာပြီး နောက်တယောက်ကတော့ ကျောက်တော်ဆေးရုံမှာ ဆေးကုသခံနေရတယ်လို့ ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးညီပုက ဒီဗွီဘီကို ပြောပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်က ဒေါ်နှင်းလှဝေ အသက် ၅၆ နှစ်နဲ့ သားဖြစ်သူ ကိုမောင်ကြီး အသက် ၂၇ နှစ် နဲ့ ဒေါ်မဲတူ အသက် ၅၇ နှစ်တို့ ဖြစ်ကြတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က ဒီဗွီဘီကိုပြောပါတယ်။ “တအိမ်တည်းက သားအမိနှစ်ယောက် ဒဏ်ရာရတယ်။ သားအမိနှစ်ယောက် အိမ်နားက နှစ်အိမ်ကျော်လောက်က ဒေါ်မဲတူ ဆိုတဲ့ အမျိုးမှာလည်း ကျည်ထိသွားတယ်။ ပေါင်၊ ခြေသလုံး ဘယ်ဘက်၊ ညာဘက်တွေ ဒဏ်ရာရသွားတယ်။ ပစ်ခတ်မှုဖြစ်တာ၊ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။” အမည်မဖော်လိုသူ ပိုက်သည်ရပ်ကွက်က မျက်မြင်တဦးက "၁၀ နာရီဝန်းကျင်လောက်ရှိမယ်ဗျ၊ အဲ့ဒီမှာဖြတ်သွားတဲ့ ကားတစီးက လှမ်းပစ်တာ၊ လှမ်းပစ်ပြီးတော့ ထွက်သွားတာ။ အဲ့ဒီမှာ သားမိနှစ်ယောက်ကိုထိတယ်။ ပြီးတော့ အဲ့ဒီအိမ်နဲ့သိပ်မဝေးတဲ့အိမ်က အမျိုးသမီးတယောက်ကို ကျည်ထိတယ်” လို့ ပြောပါတယ်။ အခုကိစ္စနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိသလို ရက္ခိုင့်တပ်တော်အေအေဘက်ကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024