ဖာဂူဆန် ဖုန်းခေါ်ဆိုမှုကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့ရန် စဉ်းစားခဲ့ဖူးဟု လီဝန်ဒေါ့စကီးပြော

ဖာဂူဆန်ဆီက ဖုန်းခေါ်ဆိုမှု ရရှိခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ဖူးတယ်လို့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါ့စကီးက ပြောပါတယ်။ ဖာဂူဆန်က လီဝန်ဒေါ့စကီးကို ၂၀၁၂ ခုနှစ်မှာ ဖုန်းခေါ်ဆိုခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ကစားသမားဟာ ဒေါ့မွန်အသင်းအတွက် ဒုတိယရာသီကို ဖြတ်သန်းနေချိန် ဖြစ်ပါတယ်။ အဲဒီတုန်းက အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ပိုလန်တိုက်စစ်မှူးဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံမှာ ဂိုးပေါင်း ၃၀ အထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် ဖာဂူဆန်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။  ဖာဂူဆန်ရဲ့ ဂုဏ်သတင်းနဲ့ အရည်အချင်းကြောင့် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့သေးပေမယ့် ဒီအပြောင်းအရွှေ့ကို ဒေါ့မွန်အသင်းက ပယ်ချခဲ့တယ်လို့ လီဝန်ဒေါ့စကီးက ပြောပါတယ်။  “ဒေါ့မွန်အသင်းအတွက် ကျနော့်ရဲ့ ဒုတိယရာသီ ဖာဂူဆန်ဆီက ဖုန်းခေါ်မှုကို ရရှိခဲ့ပြီးတော့ ကျနော် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအသင်းက ဖာဂူဆန် ကိုင်တဲ့ ယူနိုက်တက်အသင်း ဖြစ်နေလို့ပါ။ ဒါပေမဲ့ ဒေါ့မွန်အသင်းဘက်က ခွင့်မပြုနိုင်ဘူးလို့ ပြန်အကြောင်းပြန်ခဲ့ပါတယ်။ ဒါဟာ ကျနော့်အတွက် ပထမဆုံး အသင်းပြောင်းဖို့ စဉ်စားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ လူငယ် ကစားသမးတယောက်အနေနဲ့ ဆာအဲလက်စ်ဖာဂူဆန်ဆီက ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့တယ်ဆိုတာ တကယ့်ကို ထူးခြားတဲ့ အရာတခုါပဲ။ အဲဒီနေ့ကတော့ ကျနော့်အတွက် တကယ့်အမှတ်တရပေါ့” လို့ လီဝန်ဒေါ့စကီးက Guardian သတင်းကို ပြောပါတယ်။  ဒီဖြစ်ရပ်တွေအပြီး နှစ်နှစ်အကြာမှာ လီဝန်ဒေါ့စကီးဟာ ကလော့ပ်ရဲ့ ဒေါ့မွန်အသင်းကနေ ထွက်ခွာသွားခဲ့ပြီး ဂွါဒီယိုလာ ရှိရာ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိသွားခဲ့ပါတယ်။  ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရတဲ့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်ကို ရောက်ရှိသွားချိန်မှာလည်း အသင်းပြောင်းတော့မယ်လို့ မကြာခ‌ဏ ကောလာဟလတွေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး ကောလာဟလ အများစုကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပတ်သက်နေပါတယ်။  ဒါပေမဲ့ သူဟာ အသက် ၃၁ နှစ်အရွယ် အခုချိန်ထိ ဘိုင်ယန်အသင်းမှာ ဆက်ရှိနေဆဲ ဖြစ်ပြီးတော့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကိုလည်း အခုချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။  “ကျနော် ဘောလုံးသမားအဖြစ် အကြာကြီး ဖြတ်သန်းလိုပါတယ်။ ကျနော့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အသက် ၃၁ နှစ်လို့ မခံစားရပါဘူး။ အခုလက်ရှိ ကျနော် လုပ်နေသမျှ အရာအားလုံးဟာ ကျနော့်ကို ထိပ်တန်းအဆင့်တခုမှာ ဆက်ရှိနေစေဖို့ပါပဲ။ ကျနော်ဟာ မိနစ် ၉၀ လုံး ဧရိယာထဲမှာနေပြီး ဘောလုံးကို ထိုင်စောင့်နေချင်တဲ့ တိုက်စစ်မှူး မဟုတ်သလို တပွဲလုံးမှာ ဘောလုံးထိချက် ၁၀ ချက်လောက်ပဲ ရှိချင်တဲ့ ကစားသမားမျိုးလည်း မဟုတ်ပါဘူး။ တကယ်လို့ ဒီလိုသာ ဖြစ်ခဲ့ရင် ဒါကို ကျနော်က ခက်ခဲတဲ့ ပွဲစဉ်လို့ သတ်မှတ်မှာပဲ ဖြစ်ပါတယ်။ တခါတလေ ခင်ဗျားဟာ တပွဲလုံးမှာ ဘောလုံးထိချက် တကြိမ်ပဲ ရှိမယ်ဆိုရင်တောင် ဒီတကြိမ်အတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ ဘောလုံးကို စောင့်နေတာထက်စာရင် အမြဲတမ်း လှုပ်ရှားနေကာ ဘောလုံးပေးပို့မှုတွေ လုပ်ဆောင်နေရတာမျိုးကို ပိုပြီးတော့ သဘောကျပါတယ်” လို့လည်း သူက ပြောပါတယ်။  အသက် ၃၁ နှစ်အရွယ်ရှိနေပြီ ဖြစ်ပေမယ့် အနားယူဖို့အတွက် အစီအစဉ်မရှိသေးဘဲ သူ ကစားနိုင်သလောက် ဆက်ကစားသွားဖို့ ဆုံးဖြတ်ထားတယ်လို့လည်း လီဝန်ဒေါ့စကီးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up