Home
မြန်မာသတင်း
ကန်ကြီးထောင့်တွင် ရွာချင်းဆက် တံတားပျက်စီးနေသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
February 23, 2020
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် လက်ဆောင်ကွင်းကျေးရွာအုပ်စုက ရွာ ၅ ရွာကို ဆက်သွယ်ထားတဲ့ ရွာချင်းဆက်တံတားပျက်စီးနေတာကြောင့်  အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ဆောင်ကွင်းရွာ နဲ့ အလယ်စုကို ဆက်သွယ်ထားတဲ့ အလျားပေ ၁၀၀၊ အကျယ် ၆ ပေလောက်ရှိတဲ့ သိုင်းချောင်းတံတားပေါ်ကနေ နေ့စဉ် မောင်းတီး၊ လက်ဆောင်ကွင်း၊ အလယ်စု၊ အရှေ့စု၊ စစ်ကုန်း စတဲ့ရွာက ဒေသခံတွေ ဖြတ်သန်းသွားလာနေရတာဖြစ်ပြီး တံတားက ပျက်စီးနေ တော့ သွားလာရေး အခက်အခဲတွေဖြစ်နေတယ်လို့ ကျေးရွာရာအိမ်မှူး ဦးချစ်ကိုက ပြောပါတယ်။ "ဒီတံတားက ခုနောက်ပိုင်း သွားရလာရတာ တော်တော်ခက်ခဲလာပါတယ်။ ကလေးတွေ အတွက် စိတ်ပူမိတယ်။ မိုးတွင်းဆို ကလေးတွေ ချောကျတာတွေ အပေါက်ကျွံတာတွေဖြစ်လို့ ကျောင်းမသွားနိုင်ဘဲ အိမ်ကိုပြန်သွားရတာမျိုးတွေ ခဏခဏဖြစ်ပါတယ်။မိုးတွင်းဘက်ဆို ပိုအန္တရာယ်များပါတယ်” လက်ရှိအချိန်မှာတော့ သိုင်းချောင်းတံတားဟာ တံတားလက်ရန်းတွေ ကျိုးပျက်နေပြီး တံတားအောက်ကြမ်းခင်းမှာ ဆွေးမြေ့ပျက်စီးနေတာကြောင့် တံတားပေါ်က သွားလာဖို့ အခက်အခဲ တွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ "ဒီတံတားပေါ်ကနေ နေ့စဉ် ကျောင်းသား ကျောင်းသူ ဦးရေ ၈၀ လောက်ဖြတ်သွားရတာ၊ ဒီလိုရာသီမှာတောင် သူတို့အတွက် စိတ်မချရဘူး။ တံတားက လက်ရမ်းတွေ မရှိတဲ့အပြင် ကြမ်းခင်းတွေပါ ပေါက်နေတော့ အန္တရာယ်ဖြစ်မှာဆိုးလို့ စိတ်ပူပန်နေရတယ်" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ ၂၀၁၇ ခုနှစ်က ကျေးရွာချင်းဆက် တံတားပျက်စီးနေလို့ တခြားကျေးရွာကို စက်လှေနဲ့ ကျောင်းသွားတက်ချိန်မှာ စက်လှေပေါ်ပါသူ ကျောင်းသား၊  ကျောင်းသူ ၁၄ ဦးအနက် ၈ တန်း ကျောင်းသားတယောက်နဲ့ စက်လှေမောင်းသူ အမျိုးသား ရေနစ်သေဆုံးခဲ့လို့ မိုးရာသီမတိုင်ခင် တံတားကို ပြုပြင်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာပါ။ လက်ဆောင်ကွင်းကျေးရွာအုပ်စုအတွင်းမှာ ရွာ ၅ ရွာရှိပြီး တံတားဆက်သွယ်ထားတဲ့ ကျေးရွာ ၂ ရွာမှာ အိမ်ခြေ ၃၀၀ နီးပါရှိကာ လူဦးရေ ၉၀၀ ဝန်းကျင်လောက် နေထိုင်ကြပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေအတွက် နေ့စဉ် တံတားပေါ်ကဖြတ်သန်းသွားလာရချိန်မှာ ဒေသခံတွေရော၊ ကျောင်းသားကျောင်းသူတွေအတွက်ပါ အန္တရာယ်ဖြစ်လာနိုင်တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ပြုပြင်ပေးဖို့ တင်ပြတာတွေ လည်း ပြုလုပ်သွားမယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒေသခံပြည်သူတွေ သွားလာရေ အခက်အခဲဖြစ်နေတဲ့ အဲဒီတံတားကို ၂၀၁၅ ခုနှစ်ကဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတံတားပျက်စီးခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်မှာ ကျေးလက်ဦးစီးဌာနက တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုခဲ့ပြီး ပြန်လည်ပြုပြင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ကာ တံတား အောက်ခြေကြမ်းခင်းတွေ ပေါက်ပြဲတာတွေနဲ့ လက်ရန်းတွေ ပျက်စီးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024