ရီးရဲလ်နှင့်ပတ်သက်ပြီး စတားလင်း၏ ပြောဆိုမှုအပေါ် ဂွါဒီယိုလာ တုံ့ပြန်

ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပတ်သက်တဲ့ ရာဟင်းစတားလင်းရဲ့ ပြောဆိုမှုအပေါ် မန်စီးတီးနည်းပြ ဂွါဒီယိုလာက တုံ့ပြန်ပြောဆိုသွားပါတယ်။ စပိန်မီဒီယာတခုဖြစ်တဲ့ AS နဲ့ တွေ့ဆုံစဉ်မှာ အသက် ၂၅ နှစ်အရွယ် စတားလင်းက “အခုချိန်မှာ ကျနော် မန်စီးတီး ကစားသမားတဦး ဖြစ်ပြီးတော့ အသင်းမှာလည်း တကယ်ကို ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းကြီးတသင်း ဖြစ်တယ် ဆိုတာကိုတော့ ကျနော် ပြောချင်ပါတယ်။ ခင်ဗျားအနေနဲ့ သူတို့ရဲ့ အဖြူရောင်ဂျာစီကို မြင်လိုက်တာနဲ့ ဒီအသင်းဟာ ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားတယ်ဆိုတာကို သိနိုင်ပါတယ်” လို့ စတားလင်းက ပြောပါတယ်။  ရီးရဲလ်အသင်းရဲ့ ပစ်မှတ်ကစားသမား ဖြစ်နေတယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ်လည်း စတားလင်းက “ဒီလိုသတင်းတွေ ဆိုတာ ခင်ဗျားတို့ အမြဲတမ်း ကြားနေ မြင်နေကျတွေပါပဲ။ ကျနော်ဟာ မန်စီးတီးကစားသမား ဖြစ်နေပြီးတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ကျနော်တို့ မျှော်လင့်ထားသလို ဖြစ်မနေခဲ့ပေမယ့် ကျနော်ကတော့ ဒီအသင်းမှာ ပျော်ရွှင်နေပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေဆဲဖြစ်ပြီးတော့ ကျနော် ဒါကို လေးစားရပါမယ်” လို့ စတားလင်းက ထပ်မံပြောဆိုခဲ့ပါတယ်။ စတားလင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ ဒီလို ပြောဆိုခဲ့တာဖြစ်ပြီး AS အတွက် ရိုက်ကူးခဲ့တဲ့ သူ့ဓာတ်ပုံမှာလည်း ရီးရဲလ်မက်ဒရစ်ဂျာစီကို ညာဘက်ပုခုံး‌ပေါ် တင်ပြီးတော့ မန်စီးတီးဂျာစီကို ဘယ်ဘက်ပခုံးပေါ် တင်ထားခဲ့တာကြောင့် သူ့အပြောင်းအရွေ့အတွက် ကောလာဟလတွေဟာ ပိုပြီးတော့ စိတ်ဝင်စားဖွယ် ဖြစ်လာပါတယ်။  မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့် နှစ်နှစ် ပိတ်ပင်ခံခဲ့ရပြီးတော့ ဒီပြစ်ဒဏ်ကြောင့် စတားလင်း အပါအဝင် အသင်းရဲ့ ကစားသမား‌ကောင်းတွေဟာ တခြားအသင်းတွေဆီ ရောက်ရှိသွားနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေလည်း ရှိနေပါတယ်။  ဒါပေမဲ့ ဂွါဒီယိုလာကတော့ သူ့ကစားသမားတွေရဲ့ အသင်းအပေါ် ထားရှိတဲ့ သဘောထားကို သံသယမဖြစ်မိဘူးလို့ ပြောပါတယ်။  “ကစားသမားတွေအနေနဲ့ သူတို့ ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြောဆိုခွင့် ရှိပါတယ်။ ကျနော်တို့ဟာ သူတို့ရဲ့ယူဆချက်ကို ပြောဆိုဖို့ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကျနော်တို့ ကစားသမားတွေအပေါ်ကိုလည်း ယုံကြည်မှုရှိပါတယ်။ သူတို့ဟာ အသင်းအပေါ်ထားရှိတဲ့ သဘောထားကို နှစ်ပေါင်းများစွာ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဘာမှ မပြောင်းလဲသွားပါဘူး။” ဒီအခြေအနေတွေဟာ မန်စီးတီးအသင်းအပေါ် UEFA ရဲ့ပြစ်ဒဏ်ချမှတ်မှု ထွက်ပေါ်လာပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီးတော့ မန်စီးတီးဟာ ဒီပြစ်ဒဏ်အတွက် အယူခံ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ကစားသမားတွေအတွက် ဥရောပအသင်းကြီးတွေရဲ့ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up