Homeမြန်မာသတင်း
လမ်းဟောင်းကိုပြုပြင်တာ၊ ကေအန်ယူအနေနဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ မကြည့်စေချင်ဘူး-ဗိုလ်ချုပ်စိုးနိုင်ဦး
လမ်းဟောင်းကိုပြုပြင်တာ၊ ကေအန်ယူအနေနဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ မကြည့်စေချင်ဘူး-ဗိုလ်ချုပ်စိုးနိုင်ဦး
နေဖြိုးဝင်း
·
February 23, 2020
တပ်မတော်ကာကွယ်ဦးစီးချုပ်အနေနဲ့ ကရင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လမ်းဟောင်းပြင်ပေးတာကို ကေအန်ယူအနေနဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ မကြည့်စေလိုကြောင်း တပ်မတော်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌအဖွဲ့ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောတာပါ။
ကရင်ပြည်နယ်အတွင်း တပ်မတော်က လမ်းဟောင်းပြုပြင်နေတာနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ တိုက်ပွဲဖြစ်ပွားတဲ့အပေါ် အခုလို တုံ့ပြန်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့အဖွဲ့ကို တာဝန်ပေးထားတဲ့အတွက် ကေအန်ယူက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
“ကရင်ပြည်နယ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တပ်ရင်းမှူးကာလမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက် တပ်မမှူးကာလမှာလည်း တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲအတွက် ကရင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု လိုလားတယ်။ အဲအတွက်တပ်မတော်အနေနဲ့ အခုလက်ရှိလုပ်တာက လမ်းဟောင်းကို ပြုပြင်တာ၊ အဲလမ်းဟောင်းကို ကေအန်ယူလည်း သုံးပါတယ်။ အရပ်သားတွေလည်း သုံးခွင့်ရှိပါတယ်၊ သုံးနေပါတယ်။ ဒီအပေါ်မှာလည်း အမြင်ရှင်းစေချင်တယ်။ တပ်မတော် ရဲ့ သဘောထားပြောရရင် ဒီလမ်းဟောင်းနဲ့ပတ်သက်ပြီး ကေအန်ယူအနေနဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ မကြည့်စေချင်ဘူး၊ အမြင်မကျဉ်းစေချင်ဘူး။ ဒီလောက်ပါပဲ” လို့ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲရှိ ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်ရေး ဒေသအတွင်း သံတောင်ကြီးနဲ့ ဖာပွန်မြို့နယ်ကြားမှာ လမ်းဖောက်လုပ်မှု စစ်ဆေးရေးဆောင်ရွက်နေတဲ့ စစ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်မတော်က တပ်ရင်းမှူးအဆင့်ရှိ အရာရှိတဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။