အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ကြောင်း တပ်မတော်ပြော
နေဖြိုးဝင်း
·
February 23, 2020
အေအေအဖွဲ့ဟာ တပ်နဲ့မသက်ဆိုင်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်နေတဲ့သူတွေကို ဖမ်းဆီးတာနဲ့ မူးယစ်ဆေးရောင်းဝယ်တာတွေလုပ်ပြီး ရခိုင်လူငယ်တွေကို အညွန့်တုံးအောင် လုပ်နေတာကြောင့် အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်သင့်ကြောင်း တပ်မတော်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့အတွင်းရေးမှူး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာပါ။
အေအေက ဖမ်းဆီးသွားတဲ့သူတွေထဲမှာ တပ်နဲ့ဆက်နွှယ်သူတွေလည်း ပါပေမဲ့ ဖမ်းဆီးသွားတိုင်း တပ်နဲ့ ဆက်နွှယ်နေတဲ့ဆိုတဲ့ အကြောင်းပြချက်ပေးတယ်လို့ ဆိုပါတယ်။
အေအေအနေနဲ့ စစ်မှုထမ်းဟောင်းတွေ၊ ရဲမှုထမ်းဟောင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတာတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ထိုးတဲ့လုပ်ရပ်မျိုးတွေလည်း လုပ်ဆောင်တယ်လို့ ပြောပါတယ်။
“ဒါတွေသည် အကြမ်းဖက်လုပ်ရပ်မဟုတ်လို့ ဘယ်လို မျိုးလုပ်ရပ်လို့ သတ်မှတ်လို့ရမလဲ၊ အကြမ်းဖက်လုပ်ရပ်ရော၊ စစ်ရာဇဝတ်ကျုးလွန်တာရော၊ တည်ဆဲဥပဒေအရ ရာဇဝတ်မှုကျုးလွန်နေတာရော ဖြစ်ပါတယ်။ ဒါတွေကိုတော့ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တာ၊ ငြိမ်းချမ်းရေးစကားဝိုင်းလုပ်တာတွေသည် တပိုင်း၊ သို့သော် ဒီအကြမ်းဖက်လုပ်နေတဲ့လူတွေကိုတော့ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်မှသာလျှင် သူတို့ရဲ့လုပ်ရပ်တွေဟာ ရပ်တန့်သွားမယ်လို့ မြင်တယ်” လို့ ဆိုပါတယ်။
ဒါအပြင် တပ်မတော်နဲ့ မသက်ဆိုင်တဲ့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသူတွေကို ဖမ်းဆီးတာ၊ ဒေသဖွံ့ဖြိုးရေးမတိုးတက်အောင် လုပ်နေတာတွေကြောင့်လည်း အကြမ်းဖက်လို့ သတ်မှတ်သင့်ကြောင်း၊ အေအေအဖွဲ့ဟာ မူးယစ်ဆေးဝါးရောင်းဝယ်တာ အဓိကလုပ်နေပြီး မူးယစ်ဆေးနဲ့ ပြည်နယ်ရှိ လူငယ်တရပ်လုံးကို လူညွန့်တုံးအောင် လုပ်နေတာကြောင့် အကြမ်းဖက် အဖွဲ့လို့ သတ်မှတ်သင့်တယ်လို့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ဒီလိုမျိုးမူးယစ်ဆေးဝါးနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ လူငယ်တရပ်လုံးကို လူညွန့်တုံးအောင် လုပ်နေတဲ့သူကိုမှ ကျနော်တို့က အကြမ်းဖက်လို့ မသတ်မှတ်ရင် ဘာလို့ သတ်မှတ်မှာလဲ။ ဒါကြောင့် ကျနော်ပြောလိုတာက ဒါထက်ဟာတွေ ရှိသေးတယ်၊ သုံးခုပဲ ပြောတာ။ လူတွေအစုလိုက်အပြုံလိုက် ဖမ်းဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်၊ မူးယစ်ဆေးဝါးလုပ်ငန်းလုပ်နေတာတွေ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ပေးနေတဲ့ သူတွေကိုမှ အကြမ်းဖက်လို့ သတ်မှတ်သင့်တယ်လို့ မြင်ပါတယ်” လို့ ဆိုပါတယ်။
တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။